ငွေကြေးခဝါချမှုအတွက် စုံစမ်းစစ်ဆေးနေပေါတယ်။

စစ်တပ်အာဏာသိမ်းမှုဖြင့် ရာထူးမှဖယ်ရှားခံခဲ့ရတဲ့ ဆူဒန်သမ္မတဟောင်း အိုမာ အယ်လ်ဘရှားရဲ့ နေအိမ်မှာ အလွန်များပြားတဲ့ငွေတွေ သိမ်းဆည်းထားမှုကို ရှာဖွေတွေ့ရှိခဲ့ရကြောင်းနဲ့ ယခုအခါ ၎င်းကို ငွေကြေးခဝါချမှုအတွက် စုံစမ်းစစ်ဆေးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

(ငွေစက္ကူထည့်ထားသည့်အိတ်များ) (Photo: Radio Dabanga)

လုံခြုံရေးတပ်ဖွဲ့တွေက အယ်လ်ဘရှားရဲ့ နေအိမ်မှာ ယူရို၊ ဒေါ်လာနဲ့ ဆူဒန်နိုင်ငံသုံးပေါင်ငွေ အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၃၀ ကို တွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။ ဆူဒန်မှာ လနဲ့ချီပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ပေါ်ပေါက်နေခဲ့ပြီးနောက် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အစောပိုင်းမှာတော့ အယ်လ်ဘရှားကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့ပါတယ်။


လက်ရှိမှာတော့ သမ္မတဟောင်း အယ်လ်ဘရှားကို လုံခြုံရေးတင်းကျပ်ထားတဲ့ ကိုဘာအကျဉ်းထောင်သို့ ရွှေ့ပြောင်းထိန်းသိမ်းထားတယ်လို့ သတင်းတွေက ပြောပါတယ်။ ဆူဒန် တရားစီရင်ရေး သတင်းရင်းမြစ်တစ်ခုက Reuters သတင်းဌာနကို ပြောကြားခဲ့မှုအရ အယ်လ်ဘရှားရဲ့ နေအိမ်ရှိ ခရီးဆောင်အိတ်များထဲမှ အမေရိကန်ဒေါ်လာ ၃၅၁,၀၀၀၊ ယူရို ၆ သန်းနဲ့ ဆူဒန်ပေါင်ငွေ ၅ ဘီလီယံကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

(အိုမာ အယ်လ်ဘရှား) (Photo: Reuters)

နယ်သာလန်အခြေစိုက် Radio Dabanga မီဒီယာက ဖော်ပြခဲ့တဲ့ သတင်းဓာတ်ပုံအရ စစ်တပ်ယူနီဖောင်း ဝတ်ဆင်ထားသူတွေကို ငွေစက္ကူအိတ်တွေနဲ့အတူ တွေ့ခဲ့ရပါတယ်။ ဧပြီ ၁၁ ရက်မှာ ဆူဒန်စစ်တပ်က အာဏာသိမ်းပြီးနောက် အကူးအပြောင်းကာလကို ၂ နှစ်ကြာ သတ်မှတ်ထားခဲ့ပြီး အရေးပေါ် အခြေအနေကိုလည်း သုံးလကြာထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ သမ္မတအယ်လ်ဘရှားကို ဖယ်ရှားခဲ့ပြီးနောက် စစ်တပ်အုပ်ချုပ်ကို ဆန့်ကျင်ကန့်ကွက်ပြီး အရပ်သားအစိုးရတစ်ရပ်ကို အာဏာလွှဲပြောင်းပေးရန် ဆန္ဒပြတောင်းဆိုမှုတွေလည်း ဆူဒန်မှာ ပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။

(အရပ်သားအစိုးရအုပ်ချုပ်မှုကို ဆန္ဒပြတောင်းဆိုနေသူများ) (Photo: AFP)

စစ်တပ်အာဏာသိမ်းမှုဖြင့် ရာထူးမှဖယ်ရှားပြီး ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဘရှားကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး International Criminal Court (ICC) ကလည်း ဆူဒန်အနောက်ပိုင်း ဒါဖာဒေသမှာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲကာ ဖမ်းဝရမ်းထုတ်ပြန်ထားပါတယ်။ စစ်ဘက်အရာရှိဟောင်းဖြစ်သူ ဘရှားဟာ ၁၉၈၉ ခုနှစ်မှ စစ်တပ်အာဏာသိမ်းမှုဖြင့် ဆူဒန်သမ္မတ ဖြစ်လာခဲ့ပါတယ်။

(အစိုးရဆန့်ကျင့်ရေး ဆန္ဒပြသူများနဲ့ ဆူဒန်စစ်သားများ) (Photo: AFP)

ဘရှားလက်ထက်မှာ ဆူဒန်နိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်ပွားမှုတွေ ကြုံခဲ့ရပါတယ်။ နိုင်ငံတောင်ပိုင်းနဲ့ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ဟာ ၂၀၀၅ ခုနှစ်မှာ ပြီးဆုံးခဲ့ပြီးနောက် တောင်ဆူဒန်က ၂၀၁၁ ခုနှစ်မှာ လွတ်လပ်တဲ့နိုင်ငံအဖြစ် သီးခြားခွဲထွက်သွားခဲ့ပါတယ်။ နိုင်ငံအနောက်ပိုင်း ဒါဖာဒေသမှာည်း နောက်ထပ် ပြည်တွင်းပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ပြီး အဆိုပါ ပဋိပက္ခအတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့မှုဖြင့် ဘရှားကို ICC က အလိုရှိနေခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က