ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ စတော့အိတ်ချိန်းကို သေနတ်သမား လေးဦးက တိုက်ခိုက်ခဲ့ကြပါတယ်။
Ko John

ကရာချိမြို့ရှိ စတော့အိတ်ချိန်း အဆောက်အအုံကို တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ အိန္ဒိယနိုင်ငံရှိခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အမ်ရန်ခန်းက ဇွန် ၃၀ ရက်နေ့မှာ လွှတ်တော်ကို ပြောကြားခဲ့ပါတယ်။

(တိုက်ခိုက်မှုအပြီး မြင်ကွင်းတစ်ခု) (Photo: AFP)

ဇွန် ၂၉ ရက်နေ့က ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ စတော့အိတ်ချိန်းကို သေနတ်သမား လေးဦးက တိုက်ခိုက်ခဲ့ကြရာ အစောင့်နှစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပါတယ်။ သေနတ်သမားတွေကိုလည်း လုံခြုံရေးတပ်ဖွဲ့က အသေပစ်သတ်ခဲ့ပါတယ်။ "ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ အိန္ဒိယရှိတယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူး" လို့ ပါကစ္စတန်ဝန်ကြီးချုပ်ခန်းက လွှတ်တော်မှာ ပြောခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကတော့ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားခဲ့ပါတယ်။ စတော့အိတ်ချိန်းတိုက်ခိုက်မှုမှာ အိန္ဒိယ ပါဝင်ပတ်သက်ကြောင်း ၎င်းရဲ့စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ပါကစ္စတန်ဝန်ကြီးချုပ်က သက်သေအထောက်အထား မပေးခဲ့ပါဘူး။ သို့သော် ပါကစ္စတန်မှာ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ကြောင်း ထောက်လှမ်းရေးသတင်းတွေ ရရှိခဲ့ကြောင်းနဲ့ ၎င်းရဲ့အစိုးရအဖွဲ့ကို အသိပေး ပြောကြားခဲ့ကြောင်း ခန်းကဆိုပါတယ်။

(ပါကစ္စတန်ဝန်ကြီးချုပ် အမ်ရန်ခန်း) (Photo: DPA)

နိုင်ငံအတွင်း အဓိကကျတဲ့ တိုက်ခိုက်မှု အနည်းဆုံးလေးခုကို ပါကစ္စတန်ထောက်လှမ်းရေးက အောင်မြင်စွာ ဖော်ထုတ်ဟန့်တားနိုင်ခဲ့ကြောင်း၊ သို့သော် ထိုသို့ တိုက်ခိုက်မှုအားလုံးကို ဟန့်တားနိုင်ရန် မတတ်နိုင်ခဲ့ကြောင်းလည်း ခန်းက ပြောခဲ့ပါတယ်။ ဖော်ထုတ်ဟန့်တားနိုင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအနက် အစ္စလာမ်မာဘတ်မြို့မှာ ပစ်မှတ်ထားခဲ့တဲ့ တိုက်ခိုက်မှုနှစ်ခု ပါဝင်ခဲ့တယ်လို့ ၎င်းကဆိုပါတယ်။

စတော့အိတ်ချိန်းတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း Baloch Liberation Army (BLA) ခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့က ထုတ်ဖော်ပြောထားခဲ့ပါတယ်။ BLA က ပါကစ္စတန်တောင်ပိုင်း ဘလူချီစတန် (Balochistan) ပြည်နယ် ခွဲထွက်ရေးနဲ့ သယံဇာတရင်းမြစ်တွေကို ပိုမိုခွဲဝေရရှိရေး လက်နက်ကိုင်လှုပ်ရှားမှုတွေ ကာလရှည်ကြာ လုပ်ဆောင်လာခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

(သေဆုံးခဲ့တဲ့ အစောင့်တစ်ဦးရဲ့ ဈာပန) (Photo: AFP)

အမေရိကန်၊ ဗြိတိန်နဲ့ ပါကစ္စတန်တို့က BLA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားကြောင်း CGTN သတင်းက ဖော်ပြတယ်။ ၂၀၁၈ ခုနှစ်က ကရာချိမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်မှုကိုလည်း ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း BLA က ထိုစဥ်က ထုတ်ဖော်ပြောခဲ့ပါတယ်။

စတော့အိတ်ချိန်း တိုက်ခိုက်မှုကို ရန်လိုတဲ့ ထောက်လှမ်းရေးအေဂျင်စီတွေနဲ့ အိန္ဒိယ Research and Analysis Wing (RAW) ရဲ့ အကူအညီ မပါဘဲ လုပ်ဆောင်နိုင်ခြင်း မရှိဘူးလို့ ပါကစ္စတန် လက်နက်ကိုင်တပ်ဖွဲ့ရဲ့ အထွေထွေညွှန်ကြားရေးမှူး Omer Ahmed က ဆိုပါတယ်။ အိန္ဒိယက တိုက်ခိုက်ရေးသမားတွေကို ပါကစ္စတန်တစ်ဝှမ်း အိန္ဒိယထောက်လှမ်းရေးက စေလွှတ်ထားတဲ့ လျှို့ဝှက်အဖွဲ့ဝင်တွေမှတစ်ဆင့် အကူအညီများ ပေးနေခဲ့ကြောင်း Omer Ahmed က ပြောပါတယ်။

(စတော့အိတ်ချိန်း မှန်ပြတင်းပေါက်မှ ကျည်ဆန်ရာအချို့) (Photo: Reuters)

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Shah Mahmood Qureshi ကလည်း စတော့အိတ်ချိန်းကို တိုက်ခိုက်မှုဟာ ပြင်ပကနေ ထောက်ပံ့ကူညီခဲ့တဲ့ အကြမ်းဖက်မှုအဖြစ် Twittr မှာ ပြောဆိုခဲ့ပါတယ်။ အိန္ဒိယအစိုးရကတော့ ယခု စွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး အဓိပ္ပါယ်မရှိတဲ့ ရယ်စရာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ပါကစ္စတန်က ၎င်းရဲ့ ပြည်တွင်းရေး ပြဿနာများအတွက် အိန္ဒိယကို အပြစ်ပုံချရန် ကြိုးပမ်းနေခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Anurag Srivastav က ပြောပါတယ်။


က္က