ဩစတြေးလျက ကာကွယ်ဆေးနှစ်မျိုးအတွက် သဘောတူညီမှု ရရှိထားတယ်လို့ ဆိုပါတယ်။

အလားအလာကောင်းတဲ့ COVID-19 ကာကွယ်ဆေးနှစ်မျိုး အတည်ပြုချက်ရရှိပါက မိမိတို့နိုင်ငံက ကာကွယ်ဆေး ၈၅ သန်းရရှိမယ်လို့ မျှော်လင့်ကြောင်း ဩစတြေးလျအစိုးရက ‌ဆိုပါတယ်။

(Photo: Getty Images)

COVID-19 ကာကွယ်ဆေး ပထမအသုတ်ကို လာမယ့် ဇန်နဝါရီလမှာ ရရှိမယ်လို့ မျှော်လင့်ကြောင်း ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ယ‌နေ့ (စက်တင်ဘာ ၇ ရက်) ပြောပါတယ်။ ဩစတြေးလျအစိုးရက ၂၀၂၁ ခုနှစ်အတွင်း ပြည်သူတွေကို ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးရန် ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီနှစ်ခုနဲ့ သဘောတူညီချက် ရရှိထားကြောင်း ဝန်ကြီးချုပ်မော်ရစ်ဆင်က ဆိုပါတယ်။



ကာကွယ်ဆေးတန်ဖိုးဟာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံဖြစ်ကြောင်းလည်း မော်ရင်ဆင်က ဆိုပါတယ်။ ဩစတြေးလျပြည်သူ ၂၅ သန်းဟာ လာမယ့် ဇန်နဝါရီလမှစပြီး ကာကွယ်ဆေးထိုးနိုင်ဖွယ်ရှိကြောင်း၊ သို့သော် သေချာပေါက် အာမခံချက် မပေးနိုင်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

(Photo: EPA)

"သဘောတူညီချက်တွေအရ ဩစတြေလျးက ကာကွယ်ဆေးရဖို့ ထိပ်ဆုံးနေရာမှာရှိပါတယ်၊ တစ်ကယ်လို့ ကျွန်တော်တို့ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ကာကွယ်ဆေးတွေကို အသုံးပြုနိုင်ကြောင်း မီးစိမ်းပြခဲ့ရင်ပေါ့" လို့ ဩစတြေလျးဝန်ကြီးချုပ် မော်ရစ်ဆင်က ဆိုပါတယ်။

ဩစတြေလျးက သဘောတူညီမှု ရရှိထားတဲ့ COVID-19 ကာကွယ်ဆေးနှစ်မျိုးမှာ အောက်စ်ဖို့တက္ကသိုလ်နဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်တဲ့ AZD1222 ကာကွယ်ဆေးနဲ့ ပြည်တွင်းမှ ကွင်းစ်လန်းတက္ကသိုလ်နဲ့ CSL Limited တို့ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတို့ ဖြစ်ပါတယ်။ ထိုကာကွယ်ဆေး နှစ်မျိုးလုံးဟာ နှစ်ကြိမ်စီထိုးနှံရန် လိုအပ်လိမ့်မယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ဩစတြေးလျက AZD1222 ကာကွယ်ဆေး ၃၃.၈ သန်းနဲ့ CSL ထုတ် ကာကွယ်ဆေး ၅၁ သန်းအတွက် သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။ အောက်စ်ဖို့တက္ကသိုလ်နဲ့ AstraZeneca တိုရဲ့ COVID-19 ကာကွယ်ဆေးရဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို ဗြိတိန်၊ ဘရာဇီးနဲ့ တောင်အာဖရိကမှာ ပြုလုပ်နေပြီး လာမယ့်နှစ် ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလမှာ စတင်ရရှိမယ်လို့ ဩစတြေးလျက မျှော်လင့်ထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

AZD1222 ကာကွယ်ဆေးကို ဩစတြေး ပြည်တွင်းကုမ္ပဏီ CSL Limited က ထုတ်လုပ်ရန်လည်း AstraZeneca နဲ့ သဘောတူညီမှု ရရှိထားပါတယ်။ ဩစတြေးလျကုမ္ပဏီ CSL က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေး ဒုတိယအဆင့် စမ်းသပ်မှုကိုတော့ ၂၀၂၀ ခုနှစ် နှောင်းပိုင်းမှာ စတင်မှာဖြစ်ရာ အစောဆုံးအနေနဲ့ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှာ ဈေးကွက်ကိုရောက်ရှိနိုင်မယ်လို့ ဆိုပါတယ်။ ဩစတြေးလျနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၂၆,၀၀၀ ကျော်နဲ့ သေဆုံးသူ ၇၆၉ ဦးရှိခဲ့ပါတယ်။

(Photo: BBC)

ဩစတြေးလျဟာ ကနဦး ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ လတ်တလော လပိုင်းအတွင်း မဲလ်ဘုန်းမြို့ အပါအဝင် ဗစ်တိုးရီးယားပြည်နယ်မှာ ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာပြီးနောက် lockdown အစီအမံများဖြင့် ထိန်းချုပ်ရန်ဆောင်ရွက်ခဲ့ပါတယ်။ ယခု သီတင်းပတ်အတွင်းမှာတော့ lockdown စီမံဆောင်ရွက်မှုတွေကို ကန့်ကွက်ဆန္ဒပြမှုတွေ မဲလ်ဘုန်းမြို့မှာ ပေါ်ပေါက်လာခဲ့ရာ ရဲတပ်ဖွဲနဲ့ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးမှုတွေရှိခဲ့ပါတယ်။

မဲလ်ဘုန်းမြို့မှာ ကူးစက်မှုတွေ လျော့ကျလာပေမဲ့ အာဏာပိုင်တွေက တင်းကျပ်တဲ့ lockdown စီမံဆောင်ရွက်မှုတွေကို စက်တင်ဘာ ၂၈ ရက်နေ့အထိ တိုးချဲ့သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ ဩစတြေးလျအစိုးရက နိုင်ငံလူဦးရေ ၂၅ သန်းလုံးကို COVID-19 ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးသွားမယ်လို့ ဩဂုတ်လအတွင်း ဝန်ကြီးချုပ်မော်ရစ်ဆင်က ပြောထားခဲ့ပါတယ်။

Share

Loading Next Article...
က္က