ကန့်ကွက်ဆန္ဒပြမှုတွေ အကြီးအကျယ်ပေါ်ပေါက်ခဲ့တဲ့ ဥပေဒမူကြမ်းဖြစ်ပါတယ်။

ဟောင်ကောင်မှာ အငြင်းပွားဖွယ်ဖြစ်ခဲ့ပြီး ကန့်ကွက်ဆန္ဒပြမှုတွေ အကြီးအကျယ်ပေါ်ပေါက်ခဲ့တဲ့ တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းပေးနိုင်တဲ့ ဥပဒေမူကြမ်းကို လုပ်ဆောင်နေခြင်း မရှိတော့ဘဲ အသက်မဝင်တော့ကြောင်း အုပ်ချုပ်ရေးမှူး ကာရီလမ်က ယနေ့ (ဇူလိုင် ၉ ရက်) မှာ ကြေညာလိုက်ပါတယ်။

(တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြသူများ) (Photo: AFP)

အဆိုပါ ဥပဒေမူကြမ်းကို ဟောင်ကောင်အစိုးရက လုပ်ဆောင်ခဲ့မှုဟာ လုံဝ မအောင်မြင်ခဲ့ဘူးလို့လည်း အုပ်ချုပ်ရေးမှူး ကာရီလမ်က ယနေ့ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံပြောကြားသွားပါတယ်။ သို့သော် ကန့်ကွက်ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုအတိုင်း ဥပဒေမူကြမ်းကို လုံးဝရုပ်သိမ်းခဲ့ပြီလို့တော့ ကာရီလမ်က မပြောခဲ့ပါဘူး။



"အစိုးရရဲ့ ရိုးသားမှုနဲ့ပတ်သက်ပြီး ကာလရှည်ကြာ သံသယတွေ ဒါမှမဟုတ် အစိုးရက ဒီဥပဒေမူကြမ်း လုပ်ငန်းစဉ်ကို ဥပဒေပြုကောင်စီနဲ့အတူ ပြန်စတင်မှာလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေဆဲဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်မ ဒီနေရာမှာ ထပ်ပြောပါတယ်၊ ဒီလို အစီအစဉ် မရှိပါဘူး၊ ဥပဒေမူကြမ်းက အသက်မဝင်တော့ပါဘူး" လို့ ကာရီလမ်က ပြောပါတယ်။

(ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်) (Photo: Reuters)

ဥပဒေမူကြမ်းကို အစိုးရက လုပ်ဆောင်မှုဟာ လုံးဝ မအောင်မြင်ခဲ့ကြောင်းနဲ့ ထိုကိစ္စဖြေရှင်းရန် ပြည်သူတွေက အစိုးရကို အချိန်ပေးကြရန်လည်း ကာရီလမ်က တိုက်တွန်းခဲ့ပါတယ်။ ဟောင်ကောင်အစိုးရက စီစဉ်ခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြမှုတွေ အကြီးအကျယ်ပေါ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ဆန္ဒပြသူများကြား ထိပ်တိုက်တွေ့ အဓိကရုဏ်းတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ဆန္ဒပြမှုတွေ အကြီးအကျယ်ပေါ်ပေါက်လာခဲ့ပြီးနောက် ဟောင်ကောင်အစိုးရက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဆိုင်းငံ့လိုက်ကြောင်း အစောပိုင်းမှာ ကြေညာခဲ့ပေမဲ့ လုံးဝရုပ်သိမ်းပြီး ဖျက်သိမ်းပစ်ရန် ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အအုံအတွင်း ဝင်ရောက်နေရာယူခဲ့မှုနဲ့အတူ ဟောင်ကောင်မှာ မကြုံစဖူး မတည်ငြိမ်မှုတွေ ပေါ်ပေါက်နေခဲ့ပါတယ်။

(ဆန္ဒပြသူများ ဟောင်ကောင်လွှတ်တော်ထဲသို့ ဝင်ရောက်ခဲ့ကြစဉ်) (Photo: AFP)

ဟောင်ကောင်အစိုးရက သတ်မှတ်ပြဌာန်းရန် ကြိုးပမ်းခဲ့တဲ့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းဟာ ဟောင်ကောင်ရဲ့ တရားဥပဒေစိုးမိုးမှုနဲ့ အာရှဘဏ္ဍာရေး အဓိကနေရာအဖြစ် ရပ်တည်နေတဲ့ ဂုဏ်သတင်းကို ခြိမ်းခြောက်နိုင်ကြောင်း ဝေဖန်သူတွေကပြောကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က