လွှတ်တော်အဆောက်အအုံ မှန်တံခါးနဲ့ အကာအရံတွေကိုဖျက်ပြီး ဝင်ရောက်ခဲ့ကြပါတယ်။

ဗြိတိန်က ဟောင်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည်လွဲှပြောင်းပေးမှု နှစ်ပတ်လည်နေ့ဖြစ်တဲ့ ယနေ့ (ဇူလိုင် ၁ ရက်) မှာ ဟောင်ကောင်အစိုးရဆန့်ကျင်ရေး ဆန္ဒပြအဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီးနောက် ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက ဥပဒေပြုကောင်စီ အဆောက်အအုံ မှန်တံခါးနဲ့ အကာအရံများကိုဖျက်ကာ စီးနင်းဝင်ရောက်ခဲ့ကြပါတယ်။

(Photo: AFP)

ဟောင်ကောင်မှာ ယနေ့ ဆန္ဒပြအဓိကရုဏ်း မြင်ကွင်းတွေဟာ မကြံစဖူးဖြစ်နေခဲ့ပြီး မတည်ငြိမ်မှုတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ဟောင်ကောင် ဥပဒေပြုကောင်စီ (ဟောင်ကောင်လွှတ်တော်) အဆောက်အအုံထဲကို ဝင်ရောက်နေရာယူထားကြသူတွေက နံရံတွေ၊ စားပွဲခုံတွေနဲ့ ဟောင်ကောင်အမှတ်တံဆိပ်ကို မှုတ်ဆေးများဖြင့် ရေးခြယ်ဖျက်ဆီးခဲ့ကြပါတယ်။



၎င်းတို့ဟာ တရုတ်ပြည်မကြီးသို့ တရားခံများလွှဲပြောင်းပေးနိုင်တဲ့ ဥပဒေမူကြမ်းကို ဒေါသတကြီး ကန့်ကွက်ဆန္ဒပြခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေ လွှတ်တော်အဆောက်အအုံထဲကို ရောက်ရှိလာခဲ့ပြီးနောက် အာဏာပိုင်တွေက လုံခြုံရေးသတိပေးမှုကို အနီရောင်အဆင့် ထုတ်ပြန်လိုက်ပြီး ဆန္ဒပြသူတွေကို လွှတ်တော်အဆောက်အအုံမှ ချက်ချင်းထွက်ခွာရန် ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ဟောင်ကောင် ဒေသစံတော်ချိန် ယနေ့ ညဉ့်နက်ပိုင်းအထိ သတင်းတွေအရ ရဲတပ်ဖွဲ့က လွှတ်တော်အဆောက်အအုံကို ဝင်ရောက်ရှင်းလင်းမှု လုပ်ဆောင်တော့မှာဖြစ်ကြောင်းနဲ့ ဆန္ဒပြသူတွေကို ဆူပူအုံကြွသူများလို့ သုံးနှုန်းခေါ်ဝေါ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က လွှတ်တော်အဆောက်အအုံအနီး မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲရန် လုပ်ဆောင်လာခဲ့ပါတယ်။

"ဆူပူအုံကြွသူ အုပ်စုတစ်ခုက ဥပဒေပြုကောင်စီ အဆောက်အအုံထဲကို ဝင်ရောက်ဖို့အတွက် သံပိုက်လုံးတွေ အပါအဝင် ပစ္စည်းမျိုးစုံနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့ကြတယ်၊ ည ၉ နာရီဝန်းကျင်မှာ ဆူပူအုံကြွသူတွေက အဆောက်အအုံထဲကို တရကြမ်းဝင်ရောက်လာခဲ့ကြပြီး ပစ္စည်းတွေ၊ နံရံတွေကို ဖျက်ဆီးခဲ့ကြတယ်" လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

(Photo: Reuters)

နောက်ဆက်တွဲ သတင်းတွေအရ ဟောင်ကောင်ရဲတပ်ဖွဲ့က လွှတ်တော်အဆောက်အအုံကို ဒေသစံတော်ချိန် ဇူလိုင် ၂ ရက် မနက် ၁ နာရီ ၇ မိနစ်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဆန္ဒပြသူတွေက လွှတ်တော်အဆောက်အအုံထဲမှာ သုံးနာရီကြာ ဝင်ရောက်နေရာယူထားခဲ့ကြကာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရာဘာတုတ်များသုံးပြီး လွှတ်တော်အနီး ရှင်းလင်းမှုတွေ လုပ်ဆောင်လာခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: AFP)

ဟောင်ကောင်မှာ ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်း တရုတ်နိုင်ငံသို့ တရားခံလွဲှပြောင်းပေးနိုင်မယ့် ဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြကြတဲ့ သမိုင်းဝင် ဆန္ဒပြမှုများနဲ့အတူ မတည်ငြိမ်မှုတွေ ဖြစ်နေပါတယ်။ ထိုသို့ အကြီးအကျယ် ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် ဟောင်ကောင်အစိုးရက တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းကို ဆိုင်းငံ့ထားလိုက်ပါတယ်။

(Photo: @HongKongFP/Twitter)

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး ယခုနှစ် ဇူလိုင် ၁ ရက်မှာ တရုတ်လက်အောက်သို့ ဟောင်ကောင် ပြန်လည်ရောက်ရှိမှု ၂၂ နှစ်ပြည့်မြောက်မှာလည်း ဖြစ်ပါတယ်။ ထိုသို့ ပြန်လည် လွှဲပြောင်းခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

Source: CNA, AFP, Reuters


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က