တောဝက်ဘောလုံးအသင်း ပိတ်မိခဲ့တဲ့ Tham Luang ဂူကို ခရီးသွားတွေအတွက် ပြန်လည်ဖွင့်လှစ်
Ko John

တောဝက် လူငယ်ဘောလုံးအသင်းမှ ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့နည်းပြဖြစ်သူတို့ ပိတ်မိခဲ့ကြတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ Tham Luang ဂူကို ၎င်းတို့အား အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီးနောက်ပိုင်း ခရီးသွားတွေအတွက် ပထမဆုံးအကြိမ် ပြန်ဖွင့်ပေးလိုက်ပြီလို့ သိရပါတယ်။

(Photo: Chiang Rai Provincial Public Relations Office Handout/EPA)

 မြန်မာနိုင်ငံနယ်စပ်နဲ့ ဆက်စပ်တည်ရှိနေတဲ့ ထိုင်းမြောက်ပိုင်းမှ Tham Luang ဂူကို သောကြာနေ့ (နိုဝင်ဘာ ၁ ရက်) က ပြန်ဖွင့်ပေးလိုက်ရာ ကမ္ဘာလှည့်ခရီးသည် ၂,၀၀၀ ခန့်က ယမန်နှစ်ကတည်းက ပိတ်ထားခဲ့တဲ့ ဂူအတွင်းသို့ ပထမဆုံး ဝင်ရောက်ခွင့်ရသူတွေဖြစ်ရန် မျှော်လင့်လျက် လာရောက်ခဲ့ကြကြောင်း Bangkok Post သတင်းက ပြောပါတယ်။

တောဝက်ဘောလုံးအသင်းမှ ယောက်ျားလေး ၁၂ ဦးနဲ့ နည်းပြတို့ဟာ ယမန်နှစ် ဇွန်လ ၂၃ ရက်နေ့က Tham Luang ဂူထဲသို့ ဝင်ရောက်ခဲ့ကြပြီးနောက် ဂူအတွင်း ရေကြီးမှုဖြစ်ရာမှ ပြန်မထွက်နိုင်တော့ဘဲ ပိတ်မိနေခဲ့ကြပါတယ်။

(Photo: Chiang Rai Provincial Public Relations Office Handout/EPA)

၎င်းတို့ကို နိုင်ငံတကာမှ ကယ်ဆယ်ရေးသမားတွေနဲ့အတူ ရေငုပ်သမား ၉၀ ကျော်ပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့က အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတဲ့ ဖြစ်ရပ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အဆိုပါ လူငယ်အုပ်စုဟာ ရေကြီးနေတဲ့ Tham Luang ဂူထဲမှာ ၁၇ ရက်ကြာ ပိတ်မိနေခဲ့ကြပါတယ်။ လူငယ်အုပ်စုကို ကယ်ဆယ်ရေးမှာပါဝင်ခဲ့တဲ့ ထိုင်းတော်ဝင်ရေတပ်မှ တပ်ဖွဲ့ဝင်ဟောင်း ရေငုပ်သမား ဆမန်ခွန်းန်မ် (Saman Gunan) ဟာ ဂူထဲသို့ အောက်စီဂျင်ဘူးများ ရေငုပ်ပို့ဆောင်ပေးစဥ် အောက်စီဂျင်ပြတ်ပြီး ဇူလိုင် ၆ ရက် မနက်အကူးမှာ သေဆုံးခဲ့ပါတယ်။

(Photo: Chiang Rai Provincial Public Relations Office Handout/EPA)

Tham Luang ဂူကို ၎င်းတို့အား ကယ်ထုတ်ပြီးနောက်ပိုင်း ၁၅ လကြာ ပိတ်ထားခဲ့ပါတယ်။ Tham Luang ပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနားကို ထိုင်းနိုင်ငံ အမျိုးသားဥယျာဥ်များ၊ တောရိုင်းတိရိစ္ဆာန်နဲ့အပင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Jongklai Worapongsathork နဲ့အတူ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၊ အစိုးရတာဝန်ရှိသူများနဲ့ သစ်တောဌာနမှ စောင့်ကြပ်ရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါတယ်။

(Photo: AFP/Getty Images)

တာဝန်ရှိသူတွေက ဂူထဲသို့ မနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ တစ်ကြိမ်လျှင် လူ ၂၀ ဦး ဝင်ခွင့်ပြုထားကြောင်း Bangkok Post က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း Tham Luang ဂူနေရာသို့ လူဦးရေ ၁.၅ သန်းခန့် လာရောက်လည်ပတ်ခဲ့ကြပေမဲ့ ထိုစဥ်က ဂူတည်ရှိရာ နယ်မြေကို အဆင့်မြှင့်တင်ရန်အတွက် ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်နေတာကြောင့် ဂူအတွင်းကိုတော့ ဝင်ရောက်ခွင့်မပြုခဲ့ကြောင်း သိရပါတယ်။





ဆက်စပ်အကြောင်းအရာများ


က္က