၄ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ဩဂုတ် ၂၁ ရက် ညသန်းခေါင်မှာ ၂၃ သန်း ကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၈ လအတွင်း တစ်ကမ္ဘာလုံးမှာ လူဦးရေ ၂၃ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၇၉၉,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၅.၆ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက် မနက်အစောပိုင်းမှာ ကူးစက်ခံရသူ ၂၁ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၄ ရက်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ဟာ ဩဂုတ် ၁၈ ရက်နေ့မှာ ၇၅၂,၀၀၀ ကျော်မှ ၄ ရက်ကျော်အတွင်း ၂၃,၀၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: Reuters)

အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းမှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၅.၇ သန်းကျော် ကူးစက်ခံခဲ့ရပြီး ၁၇၇,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း COVID-19 ကူးစက်ခံရသူ ၃.၅ သန်း ကျော်လွန်လာခဲ့ပြီး သေဆုံးသူဦး ၁၁၂,၀၀၀ ကျော်ပြီဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ အိန္ဒိယမှာလည်း ကူးစက်ခံရသူ ၂.၉ သန်းကျော်နဲ့ သေဆုံးသူ ၅၅,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။ အမေရိကန် ပြည်နယ်အများစုမှာ နေ့စဥ် ကူးစက်မှုအသစ်များ ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး စာသင်ကျောင်းအချို့ကို ပြန်ပိတ်ရမှုနဲ့ ပြန်ဖွင့်မယ့်အစီအစဥ် ရွှေ့ဆိုင်းရမှုတွေ ရှိခဲ့ပါတယ်။

(Photo: Reuters)

COVID-19 ကူးစက်မှုတွေဟာ ကမ္ဘာတစ်ဝန်း နှေးကွေးသွားတဲ့လက္ခဏာ မရှိသေးဘဲ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ စပိန်တို့မှာလည်း ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်နေကြောင်း သိရပါတယ်။ အစောပိုင်း COVID-19 ကူးစက်မှုတွေကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တဲ့ အာရှဒေသမှ တောင်ကိုရီးယားနိုင်ငံဟာလည်း ဆိုးလ်မြို့နဲ့ ပတ်ဝန်းကျင်နေရာတွေမှာ လတ်တလော ကူးစက်မှုများ မြင့်တက်နေတာကြောင့် ရုန်းကန်နေရပါတယ်။

ဆိုးလ်မြို့တော်မှာ ကူးစက်ဖြစ်ပွားမှု ပြင်းထန်နေကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ ကူးစက်မှုတွေ ဖြစ်ပွားလာနိုင်ကြောင်း တောင်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Kim Gang-lip က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုတွေ နေ့စဥ် တိုးလာနေပြီး ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားက ဒေသတွင်း ကူးစက်မှုအများဆုံး နိုင်ငံတွေဖြစ်နေပါတယ်။

(Photo: AFP)

ထိုအတောအတွင်း အရှေ့တောင်အာရှမှ မလေးရှားနိုင်ငံမှာ ကူးစက်မှု ၁၀ ဆ ပိုမြန်တဲ့ D614G ခေါ် အသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို တွေ့ရှိခဲ့ရကြောင်းနဲ့ အများပြည်သူအနေနဲ့ ပိုမိုဂရုစိုက်ကြရမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အထွေထွေညွှန်ကြားရေးမှူး နူးရ်ဟစ်ရှမ်အဗ္ဗဒူလာက ပြောထားပါတယ်။

မြန်မာနိုင်ငံရဲ့ လတ်တလော ကိုဗစ်အခြေအနေ

မြန်မာနိုင်ငံမှာ လတ်တလော သီတင်းပတ်အတွင်း ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှုတွေ သိသာစွာ မြင့်တက်တွေ့ရှိလာခဲ့ရပါတယ်။ ဒါ့အပြင် ကူးစက်မှု ၁၀ ဆ ပိုမြန်တဲ့ D614G ခေါ် အသွင်ပြောင်း ကိုရိုနာဗိုင်းရပ်စ် ကို မြန်မာနိုင်ငံမှာလည်း တွေ့ရှိလာရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောထားပါတယ်။

(Photo: နိရဉ္စရာ)

ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဩဂုတ် ၂၂ ရက် မနက် ၈ နာရီအချိန် ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ နောက်ထပ် ၁၆ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ၄၃၅ ဦး ရှိလာပါတယ်။ ထို ၁၆ ဦးလုံးဟာ ပြည်တွင်းကူးစက်မှုတွေဖြစ်ပြီး အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိခဲ့သူတွေလို့ သိရပါတယ်။ ဩဂုတ် ၂၂ ရက် မနက်ပိုင်းအထိ ထုတ်ပြန်မှုအရ ရခိုင်ပြည်နယ်မှာ ငါးရက်‌ကျော်အတွင်း ပြည်တွင်းကူးစက်လူနာ ၄၅ ဦးအထိ တွေ့ရှိခဲ့ရတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ပြည်တွင်းကူးစက်မှုတွေ မြင့်တက်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ Stay at Home သတ်မှတ်ထားပြီး ပြည်နယ်အတွင်းရှိ စာသင်ကျောင်းတွေကို ယာယီပိတ်ထားပါတယ်။ ရန်ကုန်-စစ်တွေ လေကြောင်းလိုင်းအများစုကို ယာယီရပ်နားထားပြီး စစ်တွေမြို့မှ ရန်ကုန်သို့ လာရောက်သူအားလုံးကို အသွားအလာ ကန့်သတ်ထားရှိမယ်လို့ ဆိုပါတယ်။







(Image: MoHS webpage screengrab)

လက်ရှိအချိန်အထိ စစ်တွေမှ ရန်ကုန်သို့ရောက်ရှိလာတဲ့ ခရီးသည် ၇၉ ဦးကို လှိုင်တက္ကသိုလ်နယ်မြေမှာ အသွားအလာ ကန့်သတ်ထားရှိပါတယ်။ ထိုအတောအတွင်း စစ်တွေမြို့မှ အတည်ပြုလူနာအမှတ် ၃၇၈ နဲ့ ဆက်စပ်မှုရှိတဲ့ မြောက်ဥက္ကလာမြို့နယ်မှ လူ ၁၅ ဦးကိုလည်း အသွားအလာ ကန့်သတ်ထားရှိပြီး COVID-19 ရှိ မရှိ စစ်ဆေးထားကြောင်းနဲ့ ရက်ပိုင်းအတွင်း ကျန်းမာရေးဝန်ကြီးဌာနက ဓာတ်ခွဲအဖြေ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာများအနက် ၃၃၇ ဦး ပြန်လည်သက်သာခဲ့ကာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဩဂုတ် ၂၁ ရက် ညပိုင်းအထိ မြန်မာနိုင်ငံမှာ လူဦးရေ ၁၄၂,၅၁၆ ဦးကို COVID-19 စစ်ဆေးခဲ့ကြောင်းနဲ့ စောင့်ကြည့်လူနာ ၇,၁၆၇ ဦးရှိကြောင်းလည်း ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က