COVID-19 ကပ်ရောဂါကာလအတွင်း ကမ္ဘာတစ်ဝှမ်း mask လိုအပ်ချက်မြင့်တက်နေခဲ့ရာ မတ်လမှစပြီး ပြည်ပနိုင်ငံများသို့ mask အရေအတွက် ၄ ဘီလီယံနီးပါး တင်ပို့ရောင်းချခဲ့ကြောင်း တရုတ်အစိုးရတာဝန်ရှိသူတွေက ဧပြီ ၅ ရက်နေ့မှာ ပြောကြားပါတယ်။
တရုတ်နိုင်ငံထုတ် ဆေးဘက်ဆိုင်ရာပစ္စည်းများရဲ့ အရည်အသွေးအပေါ် စိုးရိမ်ပူပန်မှုအသံများ ကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်နေမှုကို ပျောက်ကွယ်စေရန် အစိုးရက ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှုများ တစ်စတစ်စ လျော့ကျလာနေတဲ့ အခြေအနေဖြစ်သောလည်း အစိုးရက ဆေးဘက်ဆိုင်ရာပစ္စည်းများ ထုတ်လုပ်မှုမြှင့်တင်ကြရန် စက်ရုံတွေကို တိုက်တွန်းထားပြီး ကမ္ဘာ့နိုင်ငံတွေမှာ ဆေးဘက်ဝန်ထမ်းများအတွက် အကာအကွယ် ပစ္စည်းကိရိယာများ ပြတ်လပ်မှုကြုံနေရတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံက မတ်လ ၁ ရက်နေ့မှစပြီး နိုင်ငံပေါင်း ၅၀ က မှာယူမှုများအရ mask အရေအတွက် ၃.၈၆ ဘီလီယံ၊ အကာအကွယ်ဝတ်စုံ ၃၇.၅ သန်း၊ အသက်ရှူအကူစက် ၁၆,၀၀၀ နဲ့ COVID-19 စစ်ဆေးကိရိယာ ၂.၈၄ သန်းကို တင်ပို့ခဲ့ကြောင်း အကောက်ခွန်အရာရှိ အမျိုးသမီး Jin Hai က ပြောပါတယ်။
တရုတ်နိုင်ငံက တင်ပို့ခဲ့တဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေရဲ့ တန်ဖိုးဟာ ယွမ်ငွေ ၁၀.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ) ဖြစ်တယ်လို့လည်း သူမက ဖြည့်စွက်ပြောခဲ့ပါတယ်။ သို့သော် နယ်သာလန်၊ ဖိလစ်ပိုင်၊ ခရိုအေးရှား၊ တူရကီနဲ့ စပိန် အပါအဝင် နိုင်ငံအတော်များများကတော့ တရုတ်မှတင်ပို့လိုက်တဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေဟာ စံချိန်စံညွှန်းမမီကြောင်းနဲ့ အပြစ်အနာအဆာများရှိကြောင်း ပြောဆိုထားကြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နယ်သာလန်အစိုးရက တရုတ်ထုတ် mask ၁.၃ သန်းအနက်မှ ၆၀၀,၀၀၀ ကို အရည်အသွေး စံချိန်စံညွှန်းမမီတာကြောင့် ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။ တရုတ်အစိုးရဘက်ကတော့ ထုတ်လုပ်သူဟာ mask တွေက ခွဲစိတ်ခန်းသုံးမဟုတ်ကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
ထို့အတူ စပိန်နိုင်ငံကလည်း တရားဝင် လိုင်စင်ရထားခြင်းမရှိတဲ့ တရုတ်ကုမ္ပဏီတစ်ခုက ပေးပို့ခဲ့တဲ့ COVID-19 အမြန်စစ်ဆေးကိရိယာတွေဟာ ယုံကြည်စိတ်ချရခြင်းမရှိကြောင်း တွေ့ရှိရပြီးနောက် လက်ခံအသုံးပြုရန် ပယ်ချခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ COVID-19 စစ်ဆေးကိရိယာထုတ်လုပ်မှုကို တစ်ရက်လျှင် ထိုကိရိယာ ၄ သန်းကျော်သို့ တိုးမြှင့်ခဲ့ကြောင်း National Medical Products Administration မှ တာဝန်ရှိသူ Zhang Qi က ပြောပါတယ်။