COVID-19 ရောဂါဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးကို တိရိစ္ဆာန်တွေမှာ စမ်းသပ်မှုတစ်ခုအတွင်း ပထမဆုံးအကြိမ် မျောက်တွေကို ကူးစက်ခံရမှုကနေ ကာကွယ်ခဲ့ကြောင်း တရုတ် ဇီဝနည်းပညာကုမ္ပဏီကြီးထံမှ အချက်အလက်များက ဖော်ပြထားပါတယ်။
(Photo: AFP)
ယခု ကာကွယ်ဆေးဟာ ကမ္ဘာတစ်ဝှမ်း ထုတ်လုပ်နေကြတဲ့ များပြားလှတဲ့ COVID-19 ကာကွယ်ဆေးများအနက်မှ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၂.၇ သန်းကျော်နဲ့ သေဆုံးသူ ၂ သန်းနီးပါး (၁၉၄,၅၄၅ ဦး) အထိ ဆက်လက် မြင့်တက်နေပါတယ်။
တရုတ်ဇီဝနည်းပညာနဲ့ ဆေးဝါးကုမ္ပဏီကြီး Sinovac Biotech က ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို မတူညီတဲ့ပမာဏ နှစ်မျိုးခွဲပြီး Rhesus Macaque မျိုးနွယ် မျောက်ရှစ်ကောင်အား ထိုးနှံပေးခဲ့ပါတယ်။ အခြား မျောက်လေးကောင်ကိုတော့ ကာကွယ်ဆေးထိုးမပေးခဲ့ပါဘူး။ ထို့နောက် သုံးပတ်အကြာမှာ ထိုမျောက်တွေကို COVID-19 နဲ့ ထိတွေ့စေခဲ့ရာ ၎င်းတို့ဟာ ကူးစက်ခံရခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
(Photo: Live Science)
မျောက်များအားလုံးကို COVID-19 ရောဂါဖြစ်စေတဲ့ SARS-CoV-2 ကူးစက်မှုကနေ ကာကွယ်ခဲ့ကြောင်း Sinovac က ၎င်းရဲ့ တွေ့ရှိချက်များမှာ ပြောထားပါတယ်။ Sinovac ရဲ့ စမ်းသပ်မှုအစီအစဥ်အရ ဗိုင်းရပ်စ်နဲ့ထိတွေ့ခဲ့ပြီးနောက် ခုနစ်ရက်အကြာမှာ ကာကွယ်ဆေးပမာဏ များများထိုးပေးခဲ့တဲ့ မျောက်လေးကောင်ရဲ့ အဆုတ်အတွင်း ဗိုင်းရပ်စ်မတွေ့ခဲ့ရပါဘူး။
ကာကွယ်ဆေးပမဏာ နည်းနည်းထိုးပေးခဲ့တဲ့ နောက်ထပ် မျောက်လေးကောင်ထံမှာတော့ ဗိုင်းရ်စ်တွေ့ခဲ့ရပေမဲ့ ၎င်းတို့က ဗိုင်းရပ်စ်ကို ကိုယ်တိုင်ထိန်းချုပ်ခဲ့ပုံရကြောင်း Sinovac က ပြောခဲ့ပါတယ်။ နှိုင်းယှဥ်မှုအရ Sinovac ရဲ့ ကာကွယ်ဆေးထိုးမထားခဲ့ အခြား မျောက်လေးကောင်ကတော့ ဗိုင်းရပ်စ်ကြောင်း နာမကျန်းဖြစ်လာခဲ့ပြီး ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါ ဖြစ်ပွားခဲ့ကြောင်း တွေ့ခဲ့ရပါတယ်။
(Photo: archyworldys)
Sinovac က မျောက်တွေနဲ့ ကာကွယ်ဆေးစမ်းသပ်မှု ရလဒ်တွေကို လူတွေနဲ့စမ်းသပ်မှု စတင်ခဲ့ပြီးနောက် သုံးရက်အကြာ ဧပြီ ၁၉ ရက်နေ့က bioRxiv ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် Sinovac ရဲ့ COVID-19 ကာကွယ်ဆေးစမ်းသပ်မှု တွေ့ရှိချက်တွေကို ကမ္ဘာတစ်ဝှမ်းမှ သိပ္ပံပညာရှင်အသိုင်းအဝိုင်းက သုံးသပ်ရအုံးမယ်လို့ သိရပါတယ်။ လက်ရှိအချိန်အထိ အတည်ပြုထားတဲ့ COVID-19 ကာကွယ်ဆေးနဲ့ ကုသဆေး မရှိသေးပါဘူး။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကတော့ ကာကွယ်ဆေးတစ်ခုထုတ်လုပ်ရန် အချိန်ကာလ ၁၂ လမှ ၁၈ လ ကြာမြင့်နိုင်ကြောင်း ပြောထားပါတယ်။ တရုတ်၊ အမေရိကန်နဲ့ ဗြိတိန်တို့မှာ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတစ်မျိုးစီကို လူတွေမှာ ထိုးနှံစမ်းသပ်မှုတွေ စတင်ထားခဲ့ပြီလို့လည်း သိရပါတယ်။ ဂျာမနီနိုင်ငံမှာလည်း ကာကွယ်ဆေးတစ်မျိုးကို လူတွေမှာစမ်းသပ်ရန် ခွင့်ပြုထားပြီဖြစ်ပြီး ဧပြီလကုန်မှာ စတင်နိုင်ဖွယ်ရှိပါတယ်။