ဂြိုဟ်ကိုလှည့်ပတ်ခြင်း၊ ဂြိုဟ်ပေါ်ဆင်းသက်ခြင်းနဲ့ လှည်လည်သွားလာခြင်းတို့ လုပ်ဆောင်ရန် ရည်ရွယ်ထားပါတယ်။

တရုတ်နိုင်ငံရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး အာကာသခရီးစဥ်ကို ယနေ့ (ဇူလိုင် ၂၃ ရက်) အောင်မြင်စွာ စတင်လိုက်ပြီလို့ သိရပါတယ်။

(Photo: Xinhua/News.cn)

တရုတ်ရဲ့ အင်္ဂါဂြိုဟ် (Mars) စူးစမ်းလေ့လာရေးဟာ ဂြိုဟ်ကိုလှည့်ပတ်ခြင်း၊ ဂြိုဟ်ပေါ်ကိုဆင်းသက်ခြင်းနဲ့ ဂြိုဟ်ပေါ်မှာ လှည်လည်သွားလာခြင်းတို့ကို အာကာသခရီးစဥ် တစ်ခုတည်းဖြင့် အပြည့်အစုံ လုပ်ဆောင်ရန် ရည်ရွယ်ထားပါတယ်။ တရုတ်နိုင်ငံက အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဥ် လွှတ်တင်မှုဟာ ပြိုင်ဘက်ဖြစ်တဲ့ အမေရိကန်ကလည်း အလားတူ လွှတ်တင်မယ့် အချိန်ကာလနဲ့ တိုက်ဆိုင်နေပါတယ်။



တရုတ်နိုင်ငံရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးမစ်ရှင်ကို Tianwen-1 ("Questions to Heaven") လို့ အမည်ပေးထားပါတယ်။ Tianwen-1 ကို တရုတ်ရဲ့ အကြီးဆုံး အာကာသဒုံးပျံ Long March 5 ဖြင့် နိုင်ငံတောင်ပိုင်း Hainan ကျွန်းကနေ လွှတ်တင်လိုက်ကြောင်း သိရပါတယ်။

(Photo: Xinhua/News.cn)

Tianwen-1 ဟာ ခုနစ်လကြာပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ အင်္ဂါဂြိုဟ်သို့ ရောက်ရှိမှာဖြစ်ပြီး ကီလိုမီတာ ၅၅ သန်းရှိတဲ့ အာကာသခရီးရှည်လည်း ဖြစ်ပါတယ်။ ယခု စူးစမ်းလေ့လာရေးမစ်ရှင်မှာ အင်္ဂါဂြိုဟ်ကို လှည့်ပတ်မယ့်ယာဥ်တစ်စီး၊ ဆင်းသက်ယာဥ်တစ်စီးနဲ့ ဂြိုဟ်ပေါ်မှာ လှည့်လည်သွားလာမယ့် ယာဥ်တစ်စီးတို့ ပါဝင်ပါတယ်။ ဂြိုဟ်ပေါ်မှာ လှည့်လည်သွားလာမယ့်ယာဥ်က အင်္ဂါဂြိုဟ်ရဲ့ မြေဆီလွှာကို လေ့လာသွားမယ်လို့ ဆိုပါတယ်။

ယခုသီတင်းပတ်အတွင်းမှာပင် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး) ကလည်း ၎င်းရဲ့သမိုင်းဝင် ပထမဆုံး အင်္ဂါဂြိုဟ်လေ့လာရေးယာဥ်ကို ဇူလိုင် ၂၀ ရက်နေ့က ဂျပန်နိုင်ငံကနေ လွှတ်တင်ခဲ့ပါတယ်။ ယူအေအီးရဲ့ Hop Probe စူးစမ်းလေ့လာရေးယာဥ်ရဲ့ အင်္ဂါဂြိုဟ်ခရီးစဥ်ဟာ ခုနစ်လကြာမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ အင်္ဂါဂြိုဟ်သို့ ရောက်ရှိမှာဖြစ်ပါတယ်။ ထို့နောက် ဂြိုဟ်ကိုလှည့်ပတ်ပြီး စူးစမ်းလေ့လာမှု အချက်အလက်များ ကမ္ဘာမြေပြင်သို့ ပြန်လည်ပေးပို့ရန် စီစဥ်ထားပါတယ်။

(Photo: AFP)

အမေရိကန်ကလည်း ၎င်းရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဥ်ကို လာမယ့် ဇူလိုင် ၃၀ ရက်နေ့မှာ လွှတ်တင်ရန် စီစဥ်ထားကြောင်း သိရပါတယ်။ တရုတ်နဲ့ အမေရိကန်တို့က အင်္ဂါဂြိုဟ်နဲ့ ကမ္ဘာတို့ အနီးဆုံးဖြစ်လာမယ့် အချိန်ကာလကို တွက်ဆပြီး စူးစမ်းလေ့လာရေးယာဥ် လွှတ်တင်ရန် စီစဥ်ခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန် အာကာသဆိုင်ရာအဖွဲ့အစည်း NASA ရဲ့ အဆိုအရ ယခုနှစ် အောက်တိုဘာလအတွင်း အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့အနီးဆုံးအဖြစ် ၆၂.၀၇ သန်း ကီလိုမီတာ အကွာအဝေးမှာ ရောက်ရှိနေမယ်လို့ သိရပါတယ်။ အမေရိကန်က ၁၉၉၀ ပြည့်လွန် နှောင်းပိုင်းမှစပြီး အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေး အာကာသခရီးစဥ် လေးကြိမ် လုပ်ဆောင်ခဲ့ဖူးပါတယ်

(Photo: Xinhua/News.cn)

ယခု ထပ်မံ လွှတ်တင်သွားမယ့် အမေရိကန်ရဲ့ အင်္ဂါဂြိုဟ် စူးစမမ်းလေ့လာရေးယာဥ်ကို Perseverance လို့ အမည်ပေးထားပြီး SUV ကားတစ်စီး အရွယ်အစား ဖြစ်ပါတယ်။ Perseverance က အင်္ဂါဂြိုဟ်ပေါ်မှာ ရှေးခတ်ပိုးမွှားများရဲ့ လက္ခဏာတွေကို ရှာဖွေလေ့လာပြီး ဂြိုဟ်ပေါ်မှ ကျောက်ဆုံးနဲ့ မြေဆီလွှာ နမူနာများကို စုဆောင်းရယူကာ ကမ္ဘာမြေပြင်သို့ ၂၀၃၁ ခုနှစ်မှာ ပြန်လည်ယူဆောင်ရန် ရည်မှန်းထားကြောင်း သိရပါတယ်။

.


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က