တရုတ်မှာ စမ်းသပ်ရန် လုံလောက်တဲ့ COVID-19 လူနာသစ် အရေအတွက် မရှိတာကြောင့် ဖြစ်ပါတယ်။

တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးကို လူအများအပြားမှာ တတိယအဆင့် စမ်းသပ်မှုအား အာရပ်စော်ဘွားများပြည်ထောင်စု (United Arab Emirates - UAE/ယူအေအီး) နိုင်ငံမှာ ပြုလုပ်ခွင့်ရရှိခဲ့ကြောင်း သိရပါတယ်။

(Photo: CNBG)

ကာကွယ်ဆေးစမ်းသပ်မှု တတိယအဆင့်ကို ယူအေအီးမှာ ပြုလုပ်ခွင့်ရရှိခဲ့ကြောင်း China National Biotec Group (CNBG) ကုမ္ပဏီက ဇွန် ၂၃ ရက်မှာ ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံက ကာကွယ်ဆေးကို ပြည်တွင်းမှာ စမ်းသပ်ရန်အတွက် လုံလောက်တဲ့ COVID-19 လူနာအသစ် အရေအတွက် မရှိတာကြောင့် ပြည်ပနိုင်ငံတစ်နိုင်ငံမှာ စမ်းသပ်ရန် စီစဥ်နေခဲ့တာလည်း ဖြစ်ပါတယ်။



ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကာကွယ်ဆေး တစ်ဒါဇင်ကျော်ကို လူတွေမှာ စမ်းသပ်မှုတွေ လုပ်ဆောင်နေပေမဲ့ လက်ရှိအချိန်အထိ တတိယအဆင့် (Phase 3) စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီးတဲ့ ကာကွယ်ဆေးမရှိသေးပါဘူး။ တတိယအဆင့် စမ်းသပ်မှုဟာ ကာကွယ်ဆေးက ကျန်းမာတဲ့လူတွေကို COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကနေ ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်းရှိ မရှိ ဆုံးဖြတ်သိရှိရန် ဖြစ်ပါတယ်။

(Photo: Reuters)

အဆိုပါ စမ်းသပ်မှုကို ပုံမှန်အားဖြင့် COVID-19 ကူးစက်မှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ လူဦးရေ ထောင်နဲ့ချီ ပါဝင်စမ်းသပ်ခံရပါတယ်။ သို့သော် တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း နေ့စဥ် COVID-19 ကူးစက်ခံရသူ အသစ်တွေ့ရှိမှုဟာ ပျမ်းမျှအားဖြင့် ၁၀ ဦးအောက် အရေအတွက် ဖြစ်နေခဲ့တာကြောင့် တာဝန်ရှိသူတွေက ပြည်ပမှာ စမ်းသပ်ရန် စီစဥ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ယခုအခါမှာတော့ ယူအေအီးနိုင်ငံမှာ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို တတိယအဆင့် စမ်းသပ်မှုပြုလုပ်ခွင့်ရရှိခဲ့ပြီလို့ CNBG က Weibo အကောင့်မှာ ကြေညာခဲ့ပါတယ်။ ယူအေအီးမှာ စမ်းသပ်သွားမယ့် COVID-19 ကာကွယ်ဆေးအမည်ကိုတော့ CNBG က ထုတ်ဖော်ပြောထားခြင်း မရှိပါဘူး။

(Photo: May Tse)

CNBG ကုမ္ပဏီဟာ တရုတ်အစိုးရပိုင် China National Pharmaceutical Group (Sinopharm) နဲ့ ပူးပေါင်းပြီး COVID-19 ကာကွယ်ဆေး နှစ်မျိုးကို ထုတ်လုပ်နေခဲ့ပါတယ်။ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို တရုတ်နိုင်ငံမှာ ယခင်က လူ ၂,၀၀၀ ကျော်အား ထိုးနှံစမ်းသပ်ထားခဲ့ကြောင်းလည်း သိရပါတယ်။ အခြား တရုတ်ကုမ္ပဏီတွေကလည်း ပြည်ပနိုင်ငံတွေမှာ ကာကွယ်ဆေးစမ်းသပ်မှုတွေ လုပ်ဆောင်ခွင့်ရရှိရန် စီစဥ်နေကြတယ်လို့ ဆိုပါတယ်။

၎င်းတို့အနက် Biopharmaceuticals က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကို ဩစတြေးလျမှာ အစောပိုင်း လေ့လာမှုအတွက် စမ်းသပ်ထားပါတယ်။ ထို့အတူ Sinovac Biotech ရဲ့ ကာကွယ်ဆေးကိုလည်း တတိယအဆင့် စမ်းသပ်မှုအဖြစ် ဘရာဇီးနိုင်ငံမှာ ၎င်းတို့ သဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံမယ့် လူဦးရေ ၉,၀၀၀ အား ထိုးနှံစမ်းသပ်မှု စတင်သွားရန် မျှော်လင့်ထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

(Photo: CGTN)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရတဲ့ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်မှာ သတ်မှတ်ကြေညာခဲ့ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၉.၃ သန်းကျော်၊ သေဆုံးသူ ၄၈၀,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၅ သန်းကျော်ရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က