တရုတ်အစိုးရသတင်းဌာနနဲ့ အင်တာဗျူးမှာ ကာကွယ်ဆေးထုတ်နေတဲ့ ကုမ္ပဏီအကြီးအကဲတစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးတစ်မျိုးကို အနည်းဆုံး ၂၀၂၁ ခုနှစ် ရောင်းချရန် အသင့်မဖြစ်နိုင်သေးကြောင်း ကုမ္ပဏီ အကြီးအကဲတစ်ဦးက ပြောပါတယ်။

(Photo: Reuters)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ကူးစက်မြန် ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ COVID-19 ကို ကာကွယ်ရန် ကမ္ဘာတစ်ဝှမ်းမှာ သိပ္ပံပညာရှင်တွေက ကာကွယ်ဆေး ၁၀ ခုကျော်ကို လူတွေမှာ စမ်းသပ်နေခဲ့ပါတယ်။ သို့သော် အဆိုပါ ကာကွယ်ဆေးတွေအနက် နောက်ဆုံးအဆင့် ၃ စမ်းသပ်မှုကို အောင်မြင်ခဲ့တဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။



ထိုအဆင့်ကို စမ်းသပ်ရန်ပြီး ကာကွယ်ဆေးရဲ့ ထိရောက်မှုကို သိရှိဆုံးဖြတ်ရန် ထောင်နဲ့ချီတဲ့ ပါဝင်စမ်းသပ်ခံသူတွေမှာ စမ်းသပ်ရန် လိုအပ်ကြောင်း သိရပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က COVID-19 စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံမှာ မေလအတွင်း နေ့စဥ် ပြည်တွင်း ကူးစက်မှုအသစ် ၁၀ ဦးထက်လျော့နည်းသွားခဲ့ရာ ကာကွယ်ဆေးရဲ့ နောက်ပိုင်းအဆင့် စမ်းသပ်မှုအတွက် မသင့်လျော်တဲ့ အခြေအနေလို့ ဆိုပါတယ်။

(Photo: Reuters)

"ဈေးကွက်ကို ကာကွယ်ဆေးရောက်ရှိရေး ကူညီဖို့အတွက် နောက်ထပ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အဆင့် ၃ ကာကွယ်ဆေးစမ်းသပ်မှု နေရာတွေ စတင်ဖော်ဆောင်နိုင်မယ်လို့ ကျွန်တော်တို့ China National Biotec Group (CNBG) ရဲ့ ဒုဥက္ကဌ Zhang Yutao က တရုတ်အစိုးရသတင်းဌာန China News Service ကို ပြောပါတယ်။

"လက်ရှိ အစီအစဥ်တွေအရ ကာကွယ်ဆေးက အနည်းဆုံး နောက်နှစ်အထိ ဈေးကွက်ကိုရောက်မှာ မဟုတ်ဘူး" လို့ ကြာသတေး (ဇွန် ၁၈ ရက်) နှောင်းပိုင်းက ထုတ်လွှင့်ဲ့တဲ့ အင်တာဗျူးမှာ ၎င်းက ပြောခဲ့ပါတယ်။ လတ်တလော ရက်ပိုင်းအတွင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ နောက်ထပ် COVID-19 ကူးစက်ခံရသူအသစ် ၁၈၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ပေမဲ့ ထိုလူနာအသစ် အရေအတွက်နဲ့ လူဦးရေကို နှိုင်းယှဥ်မှုအရ ကာကွယ်ဆေးစမ်းသပ်နေရာအဖြစ် ဖော်ဆောင်ရန် မဖြစ်နိုင်ဘူးလို့လည်း Zhang Yutao က ရှင်းပြခဲ့ပါတယ်။

(Photo: Reuters)

CNBG ကုမ္ပဏီဟာ တရုတ်အစိုးရပိုင် China National Pharmaceutical Group (Sinopharm) နဲ့ ပူးပေါင်းပြီး COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ၎င်းတို့ ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးနှစ်မျိုးအနက် တစ်မျိုးကို လူတွေမှာ စမ်းသပ်ခဲ့ရာ အစောပိုင်းအဆင့် ရလဒ်ကောင်းများ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့မှုအရ တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး နှစ်မျိုးကို နိုင်ငံရပ်ခြားသို့ ခရီးသွားလာတဲ့ အစိုးရပိုင် ကုမ္ပဏီဝန်ထမ်းတွေကို ထိုးနှံပေးမယ်လို့ ကမ်းလှမ်းထားခဲ့ပါတယ်။ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ ၈.၆ သန်းကျော်၊ သေဆုံးသူ ၄၅၀,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၄.၅ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က