တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးတစ်မျိုးကို နောက်ဆုံးအဆင့် စမ်းသပ်မှုများ ဘရာဇီးနိုင်ငံမှာ ဇူလိုင် ၂၁ ရက်နေ့က စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။
(Photo: AFP)
တရုတ်တာဝန်ရှိသူတွေက ကာကွယ်ဆေးဟာ ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ အပြောင်းအလဲတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။ တရုတ်ပုဂ္ဂလိက ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Sinovac က ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဟာ လူတွေမှာစမ်းသပ်မှု တတိယအဆင့်ကို ရောက်ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ လူတွေမှာစမ်းသပ်မှု တတိယအဆင့်ဟာ ခွင့်ပြုချက်မရရှိမီ လူဦးရေအများအပြားမှာ ထိုးနှံစမ်းသပ်မှုလည်း ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံ ပြည်နယ်ခြောက်ခုမှ ကျန်းမာရေးဝန်ထမ်း ၉၀၀ ကို သုံးလအတွင်း CoronaVac လို့ အမည်ပေးထားတဲ့ Sinovac ကုမ္ပဏီထုတ် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပေးပြီး လေ့လာမှုပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးစမ်းသပ်မှု အစောပိုင်းရလဒ်တွေကို ရက် ၉၀ အတွင်း သိရှိနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ဆော်ပေါ်လိုမြို့ အုပ်ချုပ်ရေးမှူး Joao Doria က တနင်္လာနေ့ (ဇူလိုင် ၂၀ ရက်) မှာ ပြောခဲ့ပါတယ်။
တရုတ်ဆေးကုမ္ပဏီ Sinovac က ဘရာဇီးပြည်သူ့ကျန်းမာရေး သုတေသနဌာန Butantan Institute နဲ့ ပူးပေါင်းပြီး ကာကွယ်ဆေးစမ်းသပ်မှု လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ CoronaVac ကာကွယ်ဆေးဟာ ဘေးအန္တရာယ်ကင်းပြီး ထိရောက်မှုရှိကြောင်း ရလဒ်ထွက်ပေါ်ခဲ့ပါက Butantan Institute အနေနဲ့ ကာကွယ်ဆေး သန်း ၁၂၀ ထုတ်လုပ်ခွင့်ရရှိမယ်လို့ သဘောတူညီထားပါတယ်။
(Photo: Bloomberg)
ဘရာဇီးဟာ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်ပြီးလျှင် COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဘရာဇီးမှာ ကူးစက်ခံရသူ ၂.၁ သန်းကျော်၊ သေဆုံးသူ ၈၁,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၁.၄ သန်းကျော်ရှိခဲ့ပါတယ်။ ဘရာဇီးမှာ နောက်ထပ် COVID-19 ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ အောက်စ်ဖို့တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေနဲ့ ဆေးဝါးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကိုလည်း တတိယအဆင့် စမ်းသပ်မှုပြုလုပ်ရန်လည်း စီစဥ်ထားတယ်လို့ ဆိုပါတယ်။