လူတွေမှာ စမ်းသပ်မှုအဖြစ် ပါဝင်စမ်းသပ်ခံသူ ၁,၀၀၀ ကျော်ကို ထိုးနှံစမ်းသပ်ရန် လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

တရုတ်ပညာရှင်တွေ ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးတစ်မျိုးကို မျောက်တွေမှာ စမ်းသပ်ခဲ့ရာ အလားအလာကောင်းများ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

(Photo: AFP)

အဆိုပါ ကာကွယ်ဆေးစမ်းသပ်ရာမှာ ပဋိပစ္စည်းများထွက်ရှိပြီး ဘေးထွက်ဆိုးကျိုးမတွေ့ရကြောင်း သုတေသီတွေက ပြောပါတယ်။ ကာကွယ်ဆေးကို လူတွေမှာ စမ်းသပ်မှုအဖြစ် ပါဝင်စမ်းသပ်ခံသူ ၁,၀၀၀ ကျော်ကို ထိုးနှံစမ်းသပ်ရန် လုပ်ဆောင်နေပြီလို့လည်း သိရပါတယ်။ BBIBP-CorV လို့ အမည်ပေးထားတဲ့ COVID-19 ကာကွယ်ဆေးကို မျောက်၊ ကြွက်၊ ရှဥ့်နဲ့ ယုန်တွေမှာ စမ်းသပ်ခဲ့ရာ ဆဲလ်များထံသို့ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်မသွားစေရန် တားဆီးနိုင်ခဲ့ကြောင်း အွန်လိုင်းဆေးပညာဂျာနယ် Cell မှာ ဇွန် ၆ ရက်နေ့က ဖော်ပြခဲ့ပါတယ်။



"ဒီရလဒ်တွေက BBIBP-CorV ကို လူတွေမှာ စမ်းသပ်ပြီး နောက်ထပ် အကဲဖြတ်မှုလုပ်ဆောင်ဖို့ ထောက်ခံနေပါတယ်" လို့ သုတေသီတွေက ပြောပါတယ်။ အလားအလာကောင်း တွေ့ရှိရတဲ့ BBIBP-CorV ကာကွယ်ဆေးကို Beijing Institute of Biological Products နဲ့ China National Pharmaceutical Group (Sinopharm) တို့က ပူးပေါင်းထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

BBIBP-CorV ဟာ လူတွေမှာ စမ်းသပ်နေတဲ့ အလားအလာရှိ တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးငါခုအနက် အပါအဝင် ဖြစ်ပါတယ်။ တရုတ်အစိုးရပိုင် Sinopharm က ကာကွယ်ဆေးစီမံကိန်းတွေမှာ တရုတ်ယွမ်ငွေ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၁ သန်း) ရင်းနှီးမြှုပ်နှံထားပါတယ်။ Sinopharm က BBIBP-CorV အပြင် ၎င်းရဲ့ ဝူဟန်အခြေစိုက် ဌာနခွဲက ထုတ်လုပ်ထားတဲ့ နောက်ထပ် COVID-19 ကာကွယ်ဆေးတစ်မျိုးကိုလည်း လူတွေမှာ စမ်းသပ်ထားကြောင်း သိရပါတယ်။ ကာကွယ်ဆေးနှစ်မျိုးကို လူ ၂,၀၀၀ ကျော်မှာ ထိုးနှံစမ်းသပ်ထားတယ်လို့ ဆိုပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာတော့ အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေး အမျိုးပေါင်း ၁၀၀ ကျော်ကို ထုတ်လုပ်နေကြပြီး မတူညီတဲ့ ထုတ်လုပ်မှုအဆင့်တွေမှာ လုပ်ဆောင်နေကြပါတယ်။ ၎င်းတို့အနက် ရှေ့ဆုံးအဆင့်မှာ ရောက်နေကြပြီး လက်ရှိမှာ လူတွေကို ထိုးနှံစမ်းသပ်ထားတဲ့ ကာကွယ်ဆေးတွေကိုတော့ AstraZeneca, Pfizer, BioNtech, Johnson & Johnson, Merck, Moderna, Sanofi နဲ့ China's CanSino Biologics တို့က ထုတ်လုပ်ထားကြကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ 

Share

Loading Next Article...
က္က