ရုရှားကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေးထုတ်လုပ်မှု စတင်ပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရုရှားနိုင်ငံက ၎င်းတို့ရဲ့ ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေး ပထမဆုံးအသုတ်ကို စတင်ထုတ်လုပ်လိုက်ပြီလို့ ဆိုပါတယ်။

(Photo: Reuters)

ရုရှားကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုချက်ရပြီးတဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးထုတ်လုပ်မှုကို ယနေ့ (ဩဂုတ် ၁၅ ရက်) စတင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ပထမဆုံးအသုတ်ကို ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ သမ္မတဗလာဒီမာပူတင်က ရုရှားဟာ COVID-19 ကာကွယ်ဆေးကို ထောက်ခံအတည်ပြုလိုက်တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်ခဲ့ကြောင်း အင်္ဂါနေ့ (ဩဂုတ် ၁၁ ရက်) မှာ ကြေညာခဲ့ပါတယ်။



သိပ္ပံပညာရှင်တွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) တို့ကတော့ ရုရှားထုတ် ကာကွယ်ဆေးကို ဂရုစိုက်ရန် သတိပေးမှုတွေလည်း ရှိနေပါတယ်။ "Gamaleyea သုတေသနဌာနက ဖော်စပ်ထားတဲ့ COVID-19 ကာကွယ်ဆေး ပထမဆုံးအသုတ်ကို ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်" လို့ ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်ချက်ကို ရုရှားသတင်းဌာနတွေ ကိုးကားဖော်ပြခဲ့ပါတယ်။

(Photo: RDIF)

လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း လူဦးရေ ၂၁ သန်းကျော်ကို ကူးစက်သွားခဲ့ပြီး သေဆုံးသူ ၇၆၄,၀၀၀ ကျော်ရှိပြီဖြစ်တဲ့ COVID-19 ကပ်ရောဂါ ကာကွယ်ဆေးတစ်ခုကို ရရှိနိုင်ရန် နိုင်ငံနဲ့ အဖွဲ့အစည်း အများအပြားက အပြင်းအထန် အားထုတ်ကြိုးပမ်းခဲ့ကြပါတယ်။ ထိုအတောအတွင်း ရုရှားက Sputnik V လို့ အမည်ပေးထားတဲ့ ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးကို အများပြည်သူ အသုံးပြုရန် ထောက်ခံအတည်ပြုချက်ပေးလိုက်ရာ စိတ်ဝင်စားမှုနဲ့အတူ ဘေးအန္တရာယ်ကင်းမှုအပေါ် သံသယတွေလည်း ရှိနေခဲ့ကြပါတယ်။

ရုရှားနိုင်ငံက ၎င်းရဲ့ COVID-19 ကာကွယ်ဆေးကို ဆရာဝန်တွေနဲ့ ဆရာ ဆရာမတွေကို ပထမဆုံး ထိုးနှံပေးသွားမယ်လို့လည်း ပြောထားပါတယ်။ COVID-19 အန္တရာယ်က ရုရှားထုတ် ကာကွယ်ဆေးကြောင့် ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးထက် များစွာပိုမိုပြင်းထန်ကြောင်း ရုရှားကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

(Photo: Vladimir Pecnya/Sputnik)

ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး အလောတကြီး ထုတ်လုပ်ခဲ့ကြောင်း ပြောဆိုမှုတွေကိုလည်း ရုရှားကျန်းမာရေးဝန်ကြီးဌာနက ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံထားပါက COVID-19 ကို အနည်းဆုံး ၂ နှစ်ကြာ ကာကွယ်နိုင်တယ်လို့ Gamaleya သုတေသနဌာနရဲ့ ညွှန်ကြားရေးမှူး Alexander Gintsburg က ဩဂုတ် ၁၃ ရက်နေ့မှာ ပြောကြားခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြပါတယ်။

Sputnik V ဟာ ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ Gamaleya National Research Center သုတေသနဌာနက ရုရှားကာကွယ်ရေးဝန်ကြီးဌာနဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ ထိုကာကွယ်ဆေးကို အအေးမိရောဂါဖြစ်စေတဲ့ အဒီနိုဗိုင်းရပ်စ် (adenoviru) ကာကွယ်ဆေးတစ်မျိုးပေါ်မှာ အခြေခံပြီး ဖော်စပ်ထုတ်လုပ်ခဲ့ပါတယ်။

(Photo: Russian Health Ministry/Anadolu)

ရုရှားကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ Sputnik V ကာကွယ်ဆေးဟာ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို ၂ နှစ်ကြာအထိ ခံနိုင်ရည်ရှိစေမယ်လို့ ‌တွက်ဆမျှော်လင့်ထားကြောင်း သိရပါတယ်။ ရုရှားသတင်းဌာန RT က ဖော်ပြထားမှုအရ Sputnik V ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ အားလုံးအတွက် ဖြန့်ဖြူးမှာမဟုတ်သေးကြောင်းနဲ့ နောက်ထပ် လေးလမှ ငါးလကြာ ကာကွယ်ဆေးရဲ့ ထိရောက်မှုနဲ့ပတ်သက်ပြီး လေ့လာစောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

ယခု သီတင်းပတ်အစောပိုင်းမှာ သမ္မတပူတင်နဲ့ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတစ်ခုမှာလည်း ရုရှားကျန်းမာရေးဝန်ကြီး Mikhail Murashko က COVID-19 ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆရာ ဆရာမတွေကို ပထမဆုံး ထိုးနှံပေးသွားမယ်လို့ ပြောထားခဲ့ပါတယ်။ COVID-19 ကာကွယ်ဆေးစီမံကိန်းကို ငွေကြေးထောက်ပံ့ခဲ့တဲ့ Russian National Wealth Fund ရဲ့ ညွှန်ကြားရေးမှူး Kirill Dmitriev ရဲ့ အဆိုအရ ရုရှားထုတ် Sputnik V ကာကွယ်ဆေးအရေအတွက် တစ်ဘီလီယံကျော်ကို နိုင်ငံပေါင်း ၂၀ ထံမှ အမှာစာများ လက်ခံရရှိထားကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က