တရားဝင် ခွင့်ပြုချက်မပါရှိဘဲ ပထမဆုံး COVID-19 ကာကွယ်ဆေး ထိုးနှံစမ်းသပ်မှု လုပ်ဆောင်ခဲ့ကြပါတယ်။

ရုရှားနိုင်ငံမှာ သိပ္ပံပညာရှင်တွေက တရားဝင် ခွင့်ပြုချက်မပါရှိဘဲ ပထမဆုံး COVID-19 ကာကွယ်ဆေး ထိုးနှံစမ်းသပ်မှု လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

(Photo: Guido Mieth/Getty Images)

မော်စကိုမြို့ရှိ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ ရုရှားသိပ္ပံပညာရှင်တွေက ၎င်းတို့ ထုတ်လုပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို ပုံမှန်အစီအစဥ်အတိုင်း သက်ဆိုင်ရာ အာဏာပိုင်များထံမှ တရားဝင်ခွင့်ပြုချက် ရယူခြင်းမရှိဘဲ ကိုယ့်ကိုယ်ကိုယ် ထိုးနှံစမ်းသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ထို့နောက် ၎င်းတို့ရဲ့ ကာကွယ်ဆေးစမ်းသပ်မှု ရလဒ်တွေကို ကိုယ်တိုင် စစ်ဆေးခဲ့ကြကြောင်းနဲ့ ထိရောက်မှုရှိကြောင်း တွေ့ခဲ့ရပါတယ်။



ရုရှားနိုင်ငံ National Research Center for Epidemiology and Microbiology မှ ဝန်ထမ်းတွေက ကာကွယ်ဆေးစမ်းသပ်မှုမှာ ပါဝင်ခဲ့ကြပြီး ၎င်းတို့ထံမှာ ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်နိုင်တဲ့ ကိုယ်ခံအားရှိလာကြောင်းနဲ့ ဆိုးကျိုးသက်ရောက်မှုများ မတွေ့ရကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

(Photo: TASS)

ယခုရလဒ်ဟာ အစိုးရက ခွင့်ပြုပေးတဲ့ လူတွေမှာ ကာကွယ်ဆေးထိုးနှံစမ်းသပ်မှု လုပ်ဆောင်နိုင်ရန် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း National Research Center for Epidemiology and Microbiology ရဲ့ ညွှန်ကြားရေးမှူး Alexander Ginzburg က ဆိုပါတယ်။

"ကျန်းမာရေးဝန်ကြီးဌာနကနေ တရားဝင်း စမ်းသပ်မှုအတွက် ခွင့်ပြုချက်ရရှိချိန်မှာ စမ်းသပ်မှုတွေလုပ်ပြီး လက်တွေ့စမ်းသပ်ချက်အောင်မြင်မှုကို ကျွန်တော်တို့ သုံးသပ်သွားမှာပါ" လို့ Alexander Ginzburg က ရုရှားသတင်းဌာန TASS ကို ပြောပါတယ်။ Alexander Ginzburg ရဲ့ အဆိုအရ သိပ္ပံပညာရှင်တွေက ကာကွယ်ဆေးရဲ့ ထိရောက်မှုကို သက်သေပြရန်သာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ဗိုင်းရပ်စ်ကနေ ကာကွယ်ရန်နဲ့ ကိုယ်ခံအားရှိရန်အတွက် ကာကွယ်ဆေးထိုးနှံခဲ့ကြတာဖြစ်ကြောင်း သိရပါတယ်။

(Photo: Reuters)

COVID-19 ကာကွယ်ဆေးကို တရားဝင်ခွင့်ပြုတဲ့အခါ ရုရှားတစ်နိုင်ငံလုံးကို ကာကွယ်ဆေးထိုးရန် ခြောက်လခန့် အချိန်ကြာနိုင်တယ်လို့ Alexander Ginzburg ယုံကြည်ထားပါတယ်။ ကာကွယ်ဆေးထုတ်လုပ်နေမှုဟာ အစီအစဥ်အတိုင်း အဆင်ပြေခဲ့ပါက နွေရာသီအကုန်မှာ တရားဝင် အတည်ပြုလိမ့်မယ်လို့ ၎င်းက မျှော်လင့်ထားပါတယ်။

ထိုသို့ အတည်ပြုခဲ့ပြီးပါက COVID-19 တိုက်ဖျက်ရေးမှာ ရှေ့တန်းက ပါဝင်နေတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေကို ပထမဆုံး ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။ ရုရှားကျန်းမာရေးဝန်ကြီး Mikhail Murashko ကလည်း မေ ၂၁ ရက်နေ့က ရုပ်မြင်သံကြားသတင်းဌာန Russia 1 နဲ့ တွေ့ဆုံခဲ့စဥ်အတွင်း လာမယ့် ဇူလိုင်လကုန်မှာ ကာကွယ်ဆေးရရှိလာနိုင်ကြောင်း ပြောခဲ့ပါတယ်။

(Photo: TASS)

ယခင်က ဒုတိယဝန်ကြီးချုပ် Tatyana Golikova ရဲ့ ပြောကြားထားမှုအရ ရုရှားနိုင်ငံမှာ COVID-19 ကာကွယ်ဆေး ၄၇ မျိုးကို ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ ရုရှားဟာ လတ်တလော သီတင်းပတ်များအတွင်း COVID-19 ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေခဲ့တဲ့ နိုင်ငံလည်းဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃၆၂,၀၀၀ ကျော်ရှိခဲ့ပြီး အမေရိကန်နဲ့ ဘရာဇီးပြီးလျှင် ကမ္ဘာတစ်ဝှမ်း တတိယမြောက် ကူးစက်မှုအများဆုံး နိုင်ငံဖြစ်နေပါတယ်။ ရုရှားမှာ COVID-19 ကြောင့် ၃,၈၀၇ ဦး သေဆုံးခဲ့ပြီး ပြန်လည်သက်သာလာသူ ၁၃၁,၀၀၀ ကျော်ရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က