အမေရိကန်ကျွမ်ကျင်းသူကတော့ တရုတ်နဲ့ရုရှားထုတ် ကာကွယ်ဆေးတွေရဲ့ ဘေးကင်းမှုကို သတိထားရန် ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက လာမယ့် အောက်တိုဘာလမှာ အများပြည်သူကို COVID-19 ကာကွယ်ဆေးထိုးနှံမှု အစီအစဥ် စတင်ရန် ပြင်ဆင်နေကြောင်း သိရပါတယ်။

(ရုရှားကျန်းမာရေးဝန်ကြီး Mikhail Murashko) (Photo: Reuters)

ကာကွယ်ဆေး စမ်းသပ်မှုအဆင့်တွေ ပြီးမြောက်ခဲ့ပြီးနောက် လူအများအပြားကို ထိုးနှံပေးရန် ကျန်းမာရေးဝန်ကြီးဌာနက စီစဥ်နေပြီလို့ ရုရှားသတင်းဌာနတွေက ယနေ့ (ဩဂုတ် ၁ ရက်) ဖော်ပြလာခဲ့ကြပါတယ်။ မော်စကိုမြို့ရှိ ရုရှားအစိုးရ သုတေသနဌာန Gamaleya Institute က COVID-19 ကာကွယ်ဆေးစမ်းသပ်မှုများ ပြီးဆုံးခဲ့ပြီဖြစ်ကာ မှတ်ပုံတင်ခွင့်ပြုချက်ရရှိရန် စာရွက်စာတမ်းကိစ္စများ ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီး Mikhail Murashko ပြောခဲ့တယ်လို့ Interfax သတင်းဌာနက ဖော်ပြပါတယ်။



COVID-19 ထိုးနှံရာမှာ ဆရာဝန်တွေနဲ့ ဆရာ ဆရာမတွေကို ပထမဆုံး ထိုးနှံပေးသွားမယ်လို့လည်း ဝန်ကြီးကဆိုပါတယ်။ "ပိုမိုကျယ်ပြန်တဲ့ ကာကွယ်ဆေးထိုးနှံမှုတွေ အောက်တိုဘာလမှာ လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားပါတယ်" လို့ Mikhail Murashko က ပြောကြောင်း သတင်းဌာနတွေက ကိုးကားဖော်ပြပါတယ်။

(Photo: Reuters)

Reuters သတင်းဌာနကို သတင်းရင်းမြစ်တစ်ခုက ပြောကြားမှုအရ ရုရှားနိုင်ငံရဲ့ ပထမဆုံး အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေးဟာ ဩဂုတ်လအတွင်း သက်ဆိုင်ရာ ကြီးကြပ်ကွပ်ကဲရေး အာဏာပိုင်အဖွဲ့ထံမှ အတည်ပြုချက်ရရှိမယ်လို့ ဆိုပါတယ်။ အတည်ပြုချက်ရပြီး မကြာမီ ကျန်းမာရေးဝန်းထမ်းတွေကို ထိုးနှံပေးသွားမယ်လို့လည်း အဆိုပါ သတင်းရင်းမြစ်က Reuters ကို ပြောပါတယ်။

ရုရှားနိုင်ငံက COVID-19 ကာကွယ်ဆေးတစ်ခုကို အလောတကြီး ထုတ်လုပ်နေပြီး အများပြည်သူကို ထိုးနှံပေးရန် ပြင်ဆင်နေစဥ် အနောက်အုပ်စု မီဒီယာတွေက ရုရှားဟာ သိပ္ပံပညာနဲ့ ဘေးအန္တရာယ်ကင်းမှုအစား နိုင်ငံဂုဏ်သိက္ခာကို ဦးစားပေးနေသလားလို့ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

(ကူးစက်ရောဂါဆိုင်ရာ ကျွမ်ကျင်းသူ Anthony Fauci) (Photo: Xinhua)

ထိုအတောအတွင်း တရုတ်နဲ့ ရုရှားတို့က ထုတ်လုပ်နေကြတဲ့ COVID-19 ကာကွယ်ဆေးတွေရဲ့ ဘေးအန္တရာယ်ကင်းမှုကို သတိထားကြရန် အမေရိကန်ရဲ့ ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းကျွမ်ကျင်းသူ Anthony Fauci က ဇူလိုင် ၃၁ ရက်နေ့မှာ ပြောခဲ့ပါတယ်။ Russian Direct Investment Fund ရဲ့ အကြီးအကဲ Kirill Dmitriev ကတော့ ရုရှားနိုင်ငံရဲ့ ကာကွယ်ဆေးထုတ်လုပ်မှု အောင်မြင်မှုကို ဆိုဗီယက်ပြည်ထောင်စုရဲ့ ၁၉၅၇ ခုနှစ် Sputnik 1 ကမ္ဘာ့ပထမဆုံးဂြိုဟ်တု လွှတ်တင်ခဲ့မှုနဲ့ နှိုင်းယှဥ်ပြောခဲ့ပါတယ်။

ရုရှားဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှု စတုတ္တမြောက် အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၈၄၅,၀၀၀ ကျော် တွေ့ရှိခဲ့ရပါတယ်။ ရုရှားမှာ COVID-19 ကြောင့် သေဆုံးသူ ၁၄,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၆၄၆,၀၀၀ ကျော်ရှိခဲ့ကြောင်းလည်း သိရပါတယ်။

Share

Loading Next Article...
က္က