ရုရှားအစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ ဟက်ကာအုပ်စုက ခိုးယူရန် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ရုရှားအစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ ဟက်ကာတွေက တက္ကသိုလ်တွေနဲ့ ဆေးဝါးဆိုင်ရာအဖွဲ့အစည်းများထံမှ COVID-19 ကာကွယ်ဆေးနဲ့ ကုသမှုဆိုင်ရာ သုတေသနအချက်အလက်တွေကို ခိုးယူရန် ကြိုးပမ်းနေကြောင်း ဗြိတိန်နိုင်ငံရဲ့ ဆိုက်ဘာလုံခြုံရေးဌာန (National Cyber Security Centre - NCSC) က ဇူလိုင် ၁၆ ရက်မှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

(Photo: Reuters)

ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါတို့ ပူးတွဲထုတ်ပြန်ချက်တစ်ခုအရ "Cozy Bear" လို့ သိထားကြတဲ့ APT29 ဟက်ကာအုပ်စုက ထိုသို့ ခိုးယူနိုင်ရန် ဆိုက်ဘာတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ "Cozy Bear" ဟက်ကာအုပ်စုဟာ ရုရှားထောက်လှမ်းဌာနတွေရဲ့ အစိတ်အပိုင်းအဖြစ် လုပ်ဆောင်နေတာ လုံးဝနီးပါး သေချာခဲ့တယ်လို့ ဆိုပါတယ်။



"COVID-19 ကပ်ရောဂါ တိုက်ဖျက်ဖို့အတွက် အလွန်အရေးပါတဲ့အလုပ် လုပ်နေတာတွေကို ဒီလို စက်ဆုပ်စရာကောင်းတဲ့ တိုက်ခိုက်မှုတွေလုပ်တာ ရှုတ်ချပါတယ်" လို့ NCSC မှ လုပ်ငန်းညွှန်ကြားရေးမှူး Paul Chichester က ပြောပါတယ်။ "Cozy Bear" ဟက်ကာအုပ်စုရဲ့ တိုက်ခိုက်မှုတွေဟာ ဆက်ရှိနေခဲ့ပြီး spear-phishing နဲ့ အထူးဖန်တီးထားတဲ့ malware အပါအဝင် နည်းစနစ်အမျိုးမျိုးကို အသုံးပြုခဲ့ကြောင်း NCSC က ဆိုပါတယ်။

(Photo: Foreign Office UK/Twitter)

ဟက်ကာတွေက ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါမှာ လုပ်ဆောင်နေကြတဲ့ ကာကွယ်ဆေး သုတေသနနဲ့ ထုတ်လုပ်ရေး အဖွဲ့အစည်းတွေကို ပစ်မှတ်ထားခဲ့ကြတယ်လို့လည်း NCSC က ဖြည့်စွက် ပြောခဲ့ပါတယ်။ ရုရှားထောက်လှမ်းရေးက ကပ်ရောဂါနဲ့ပတ်သက်ပြီး လုပ်ဆောင်နေမှုကို ပစ်မှတ်ထားခြင်းအတွက် လုံးဝ လက်မခံနိုင်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်ရက်ဘ်က မှတ်ချက်ပြုခဲ့ပါတယ်။

"အခြားသူတွေက သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အကျိုးစီးပွားနောက်ကို အဆင်အခြင်မဲ့ လုပ်ရပ်နဲ့အတူ လိုက်နေချိန်မှာ ဗြတိန်နဲ့ သူ့ရဲ့မဟာမိတ်တွေကတော့ ကာကွယ်ဆေးတစ်ခုရရှိဖို့နဲ့ တစ်ကမ္ဘာလုံးကျန်းမာရေး ကာကွယ်ဖို့ အပြင်းအထန် လုပ်နေကြပါတယ်" လို့ ဒိုမီနစ်ရက်ဘ်က ပြောပါတယ်။ ဗြိတိန်အနေနဲ့ ယခုကဲ့သို့ ကျူးလွန်သူတွေကို အရေးယူဆောင်ရွက်ရန် မဟာမိတ်တွေနဲ့အတူ လုပ်ဆောင်သွားမယ်လို့လည်း ၎င်းကဆိုပါတယ်။

(Photo: Getty Images/PM Images/Global Look Press/Cadu Rolim/Keystone Press Agency)

ရုရှားအစိုးရကတော့ ဗြိတိန်ရဲ့ ပြောဆိုမှုတွေကို ငြင်းဆိုခဲ့ပြီး ယမန်နှစ် ဗြိတိန်ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိကြောင်းနဲ့ ဗြိတိန်ဆေးဝါးကုမ္ပဏီတွေရဲ့ COVID-19 ကာကွယ်ဆေးဆိုင်ရာ အချက်အလက်တွေကို မည်သူက hack လုပ်ရယူရန် ကြိုးပမ်းခဲ့ကြောင်း မသိဘူးလို့ ရုရှားသမ္မတနန်းတော် သတင်းထုတ်ပြန်ရေး အကြီးအကဲ ဒီမီထရီပက်စ်ကော့ဗ်က ပြောပါတယ်။

"ဗြတိန်မှာရှိတဲ့ ဆေးဝါးကုမ္ပဏီတွေနဲ့ သုတေသနဌာနတွေကို ဘယ်သူက hack လုပ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့မှာ သတင်းအချက်အလက် မရှိပါဘူး၊ ကျွန်တော်တို့ တစ်ခုပဲပြောနိုင်တာကတော့ ရုရှားက ဒီလို ကြိုးပမ်းမှုတွေ ဘာမှမလုပ်ခဲ့ဘူးဆိုတာပါပဲ၊ ဒီလိုမျိုး စွပ်စွဲမှုတွေကို ကျွန်တော်တို့ ပယ်ချပါတယ်" လို့ ဒီမီထရီပက်စ်ကော့စ်က တုံ့ပြန်ခဲ့ပါတယ်။

(Photo: Getty Images)

ဗြိတိန် NCSC ကတော့ "APT29 သို့မဟုတ် Cozy Bear ဟက်ကာအုပ်စုက COVID-19 ကာကွယ်ဆေး သုတေသနနဲ့ ထုတ်လုပ်ရေးအဖွဲ့အစည်းတွေကို ဆက်လက် ပစ်မှတ်ထားသွားနိုင်ဖွယ်ရှိပါတယ်၊ ကပ်ရောဂါနဲ့ဆက်နွယ်ပြီး ထောက်လှမ်းရေးက သိချင်နေတဲ့ နောက်ထပ် မေးခွန်းတွေရဲ့ အဖြေရဖို့အတွက် ဟက်ကာအုပ်စုက ဆက်ပြီး ပစ်မှတ်ထားတိုက်ခိုက်လာနိုင်ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

COVID-19 ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်နေတဲ့ နိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့အစည်းများကို ဟက်ကာတွေက ပစ်မှတ်ထားနေခဲ့ကြောင်း ဗြိတိန်နဲ့အမေရိကန်တို့က မေလအတွင်း ပြောခဲ့ပါတယ်။ သို့သော် ယခင်ကတော့ ထိုကဲ့သို့ တိုက်ခိုက်မှုတွေဟာ ရုရှားအစိုးရနဲ့ ဆက်နွယ်ခဲ့ကြောင်း အတိအကျ ထုတ်ဖော်ပြောခဲ့ခြင်း မရှိပါဘူး။ ရုရှားအစိုးရနဲ့ ဆက်နွယ်နေတဲ့ "Cozy Bear" ဟာ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမတိုင်မီက ဒီမိုကရက်တစ်ပါတီကို hack လုပ်ခဲ့ကြောင်း သံသယရှိခဲ့ကြတဲ့ ဟက်ကာအုပ်စုလည်း ဖြစ်ပါတယ်။

Source: Reuters, BBC, RT

Share

Loading Next Article...
က္က