ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး မရှိဘဲ ပဋိပစ္စည်းများ ထွက်ရှိခဲ့ကြောင်း The Lancet ဂျာနယ်မှာ ဖော်ပြပါတယ်။

ရုရှားနိုင်ငံထုတ် COVID-19 ကာကွယ်ဆေး အစောပိုင်း စမ်းသပ်မှုအတွင်း ပါဝင်ခဲ့တဲ့သူတွေထံမှာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ရပ်များမရှိဘဲ ရောဂါကာကွယ်တဲ့ ပဋိပစ္စည်းများ ထွက်ရှိခဲ့ကြောင်း The Lancet ဆေးပညာဂျာနယ်မှာ ယနေ့ (စက်တင်ဘာ ၄ ရက်) ဖော်ပြခဲ့တဲ့ သုတေသနအရ သိရှိရပါတယ်။

(Photo: Vladimir Pesnya/Sputnik)

သို့သော် ကျွမ်းကျင်သူတွေကတော့ ရုရှားကာကွယ်ဆေး စမ်းသပ်မှုတွေဟာ ဘေးအန္တရာယ်ကင်းမှုနဲ့ ထိရောက်မှုကို သက်သေပြရန် အလွန်နည်းပါးခဲ့ကြောင်း ပြောခဲ့ပါတယ်။ ရုရှားနိုင်ငံက Sputnik V လို့ အမည်ပေးထားတဲ့ COVID-19 ကာကွယ်ဆေးကို ပြီးခဲ့တဲ့လအတွင်း ထောက်ခံအတည်ပြုချက်ပေးခဲ့ပြီဖြစ်ကြောင်း ကြေညာထားခဲ့ပါတယ်။



ထိုသို့ ကြေညာခဲ့ရာမှာ ဘေးအန္တရာယ်ကင်းကြောင်း အချက်အလက် မရှိခြင်းအပေါ် အနောက်အုပ်စု သိပ္ပံပညာရှင်တွေကြား စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ကာကွယ်ဆေးထုတ်လုပ်ရန် အလွန် အစောတလျင် လုပ်ဆောင်ခြင်းက အန္တရာယ်ရှိနိုင်ကြောင်း သိပ္ပံပညာရှင်အချို့က သတိပေးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

(Photo: Reuters)

ရုရှားကတော့ Sputnik V ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် ၎င်းတို့ရဲ့ သုတေသန စွမ်းဆောင်နိုင်မှုကို ယုတ်လျော့စေရန် ကြိုးပမ်းမှုတစ်ခုအဖြစ် ရှုတ်ချခဲ့ပါတယ်။ The Lancet မှာ ယနေ့ ဖော်ြပခဲ့မှုအရ ရုရှားသုတေသီတွေက လူဦးရေအနည်းငယ်ပါဝင်တဲ့ စမ်းသပ်မှုနှစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

စမ်းသပ်မှုတစ်ခုစီမှာ အသက် ၁၈ နှစ်နဲ့ ၆၀ နှစ်ကြား ကျန်းမာရေးကောင်းသူ ၃၈ ဦးစီ ပါဝင်ခဲ့ကြပြီး ၎င်းတို့ကို ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်။ စမ်းသပ်မှုမှာ ပါဝင်သူတစ်ဦးစီကို ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးနောက် ၂၁ ရက်အကြာမှာ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ကာကွယ်ဆေးထိုးပေးထားသူတွေကို ၄၂ ရက်ကြာ စောင့်ကြည့်ခဲ့ရာ ပထမ သုံးပတ်အတွင်း ရောဂါကာကွယ်တဲ့ ပဋိပစ္စည်းများ ထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ Sputnik V ကာကွယ်ဆေးဟာ အရွယ်ရောက်ပြီး ကျန်းမာရေးကောင်းသူတွေမှာ ဘေးအန္တရာယ်ကင်းပြီး ခံနိုင်ရည်ရှိကာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး မဖြစ်စေခဲ့ဘူးလို့ သုတေသန အစီရင်ခံစာက ဖော်ပြပါတယ်။ COVID-19 ကာကွယ်ရေးအတွက် ကာကွယ်ဆေးရဲ့ ကာလရှည်ကြာ ဘေးအန္တရာယ်ကင်းမှုနဲ့ ထိရောက်မှုကို သက်သေပြရန် ပိုမိုများပြားတဲ့ လူဦးရေနဲ့ စမ်းသပ်ရန် လိုအပ်လိမ့်မယ်လို့ သုတေသီတွေက အလေးအနက် ပြောခဲ့ပါတယ်။

(Photo: Reuters)

"ဘေးအန္တရာယ်ကင်းတယ်ဆိုတာ သက်သေပြတာက COVID-19 ကာကွယ်ဆေးတွေမှာ အတိမ်းအစောင်းမခံဘဲ အရေးပါပါတယ်၊ ဒါက ကာကွယ်ဆေးကို လက်ခံအသိအမှတ်ပြုဖို့အတွက်မဟုတ်ဘဲ ကာကွယ်ဆေးထိုးခြင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်မှုရှိစေဖို့အတွက်လည်း ဖြစ်ပါတယ်" လို့ Johns Hopkins Bloomberg School of Public Health မှ Naor Bar-Zeev က The Lancet ဂျာနယ်မှာ ဝေဖန်သုံးသပ်ချက် ရေးသားထားပါတယ်။

(Photo: CNA)

ရုရှားကာကွယ်ဆေးကို အစောပိုင်း စမ်းသပ်မှုမှာ ပါဝင်သူ ၇၆ ဦးကို ရက်ပေါင်း ၁၈၀ ကြာအထိ စောင့်ကြည့်သွားမှာဖြစ်ပြီး နောက်ထပ် တတိယအဆင့် စမ်းသပ်မှုကိုတော့ မိမိတို့ရဲ့ သဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံသူ ၄၀,၀၀၀ နဲ့ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ထိုအတောအတွင်း Reuters သတင်းဌာနရဲ့ အခြား ဆက်စပ်သတင်းတစ်ရပ်မှာတော့ COVID-19 ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံမှုတွေကို လာမယ့် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းအထိ ဆောင်ရွက်နိုင်မယ်လို့ မထင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ပြောခွင့်ရအမျိုးသမီး Margaret Harris က ပြောခဲ့ကြောင်း ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က