ပရာယွတ်က ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအပြီး ပဏာမ ရလဒ်တွေအရ အာဏာသိမ်း စစ်တပ်အုပ်စုနဲ့ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံရေးအုပ်စုတို့ကြား အာဏာခွဲဝေမှုနဲ့အတူ လွှတ်တော်မှာ သဘောထားကွဲလွဲမှုတွေ နက်နက်ရှိုင်းရှိုင်း ပေါ်ပေါက်လာနိုင်တယ်လို့ သိရပါတယ်။

(ထိုင်းရွေးကောက်ပွဲ မဲရုံတစ်ခုမြင်ကွင်း) (Photo: @JackBoardCNA/Twitter)

လက်ရှိ ရွေးကောက်ပွဲ ပဏာမ ရလဒ်တွေအရ စစ်တပ်အာဏာသိမ်းခေါင်းဆောင်နဲ့ လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထိုင်းဝန်ကြီးချုပ်အဖြစ် ဆက်လက် အာဏာရသွားနိုင်ဖွယ် ရှိနေတယ်လို့ဆိုပါတယ်။ ၂၀၁၄ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းကာ ငါးနှစ်ကြာ အုပ်ချုပ်လာခဲ့ပြီးနောက် မတ်လ ၂၄ ရက် ရွေးကောက်ပွဲကို ထိုင်းပြည်သူတွေက စိတ်အားထက်သန်စွာ ဆန္ဒမဲပေးခဲ့ကြပါတယ်။



သို့သော် ရွေးကောက်ပွဲရလဒ်ကတော့ လတ်တလော အချိန်ကာလအတွင်း ထိုင်းနိုင်ငံကို ရှုပ်ထွေးမှုတွေ ဖြစ်စေခဲ့တဲ့ နိုင်ငံရေးအရ မတူကွဲပြားမှုတွေကို ဖြေရှင်းနိုင်မယ့် အလားအလာ မတွေ့ရကြောင်း CNA သတင်းက ဖော်ပြပါတယ်။

(မဲရေတွက်နေမှု မြင်ကွင်းတစ်ခု) (Photo: @JackBoardCNA/Twitter)

ထိုင်းစစ်တပ်အစိုးရနဲ့ ၎င်းရဲ့ဦးတည်ချက်ဖြစ်တဲ့ အေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်မှုတွေကို ဦးဆောင်ခဲ့သူ ပရာယွတ်အတွက် ယခုရွေးကောက်ပွဲက နိုင်ငံရေးသမားစစ်စစ်အဖြစ်သို့ ကူးပြောင်းနိုင်ရန် သေချာစေခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

စစ်တပ်အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ရဲ့ Palang Pracharat (PPRP) ပါတီက ရွေးကောက်ပွဲမှာ မျှော်မှန်းထားတာထက် ပိုပြီးအခြေအနေကောင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ အထူးသဖြင့် PPRP က ဘန်ကောက်မှာ မဲရလဒ်တွေကောင်းခဲ့တယ်လို့ သိရပါတယ်။ ရွေးကောက်ခံစရာမလိုဘဲ စစ်တပ်အစိုးရက ရွေးချယ်ခဲ့တဲ့ အမတ် ၂၅၀ အသာရရှိထားမှုကြောင့်လည်း ပရာယွတ်ဟာ ဝန်ကြီးချုပ်ဖြစ်ရန် လိုအပ်တဲ့ ထောက်ခံမှုကို လွှတ်တော်မှာ အလွယ်တကူ ရရှိသွားနိုင်ပါတယ်။
(ထိုင်းစစ်သားများ မဲပေးနေစဉ်) (Photo: AFP)

ယခု ရွေးကောက်ပွဲစနစ်ဟာလည်း စစ်တပ်အစိုးရက ကြီးကြပ်ရေးဆွဲခဲ့တာဖြစ်ပြီး အတိုက်အခံ ပါတီတွေကို အသာစီးမရစေနိုင်ရန် လုပ်ဆောင်မှုဖြစ်ကာ တရားမျှတမှုမရှိဘဲ ဒီမိုကရေစီနဲ့ မကိုက်ညီကြောင်း ဝေဖန်သူတွေက ထောက်ပြခဲ့ကြပါတယ်။ စစ်အစိုးရက ကြီးကြပ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲစနစ်အရ ပရာယွတ်ရဲ့ PPRP ပါတီက ဝန်ကြီးချုပ်နေရာကို သေချာစေမယ့် လွှတ်တော်အမတ် ၁၂၆ နေရာကိုသာ ပစ်မှတ်ထားပြီး ရွေးကောက်ပွဲဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ လွှတ်တော်အမတ်နေရာ အရေအတွက်ကို PPRP က အလွယ်တကူ အနိုင်ရခဲ့မယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိမှာ ပရာယွတ်ရဲ့ PPRP ပါတီနဲ့ ၎င်းရဲ့မဟာမိတ် ပါတီငယ်တွေက အစိုးရဖွဲ့စည်းရန်နဲ့ ဥပဒေအတည်ပြုနိုင်ရန် လုံလောက်တဲ့ လွှတ်တော်အမတ်နေရာကို ရရှိနိုင်ခြင်းရှိ မရှိ မသေချာသေးပါဘူး။ PPRP ပါတီ အကြီးအကဲ Uttama Savanayana ကတော့ အစိုးရဖွဲ့စည်းရေးကိစ္စ အခြားပါတီတွေနဲ့ ဆွေးနွေးညှိနှိုင်းရတဲ့ အနေအထားကို မရောက်သေးဘူးလို့ ပြောခဲ့ပါတယ်။

(စစ်တပ်အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုချာ မဲပေးစဉ်) (Photo: AFP)

ရွေးကောက်ပွဲ ပဏာမ မဲရလဒ်တွေအရ PPRP ပါတီနဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိန်းချုပ်မှုအောက်မှာရှိတဲ့ Pheu Thai ပါတီတို့ကြား အနိုင်အရှုံး သိသာစွာ ကွားခြားမှုမရှိ ဖြစ်နေပါတယ်။ ထိုအခြေအနေရ ညွှန့်ပေါင်းအစိုရးဖွဲ့စည်းရန် ကြိုးပမ်းလာနိုင်တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့က အာဏာအတွက် ဘယ်သူနဲ့မှ အတိုက်အခံ မလုပ်ချင်ပါဘူး၊ စစ်အစိုးရနဲ့ ဗိုလ်ချုပ်ကြီးပရာယွတ် အာဏာဆက်လက်ရရှိမှာကို လက်မခံတဲ့ ပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်၊ လွှတ်တော်အမတ် ၂၅၀ ကလည်း ပြည်သူတွေရဲ့ဆန္ဒကို လိုက်နာကြမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" လို့ Pheu Thai ပါတီရဲ့ ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စားလှယ်လောင်း ဆူဒါရတ် ကီယူရာဖန် (Sudarat Keyuraphan) က ပြောခဲ့ပါတယ်။

(Future Forward ပါတီခေါင်းဆောင် သာနာသွန်း မဲပေးစဉ်) (Photo: Julladit Onlamoon / AP)

Pheu Thai ပါတီက ဘီလျံနာ သာနာသွန်း ဂျူအန်ဂရွန်း ဂရူအန်ကစ် (Thanathorn Juangroongruangkit) ဦးဆောင်ပြီး ထိုင်းလူငယ်များကြား အားပေးထောက်ခံမှုများတဲ့ Future Forward ပါတီ (FWP) နဲ့ ပူးပေါင်းလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ "ဒီ ရွေးကောက်ပွဲက အဆုံးသတ်မဟုတ်ပါဘူး၊ ဒီ ရွေးကောက်ပွဲက ပန်းတိုင်မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီမိုကရေစီ ရှင်သန်ဖြစ်ထွန်းရေး လမ်းကြောင်းတစ်ခုပါ၊ လူ့အဖွဲ့အစည်းမှာ တရားမျှတမှုရှိဖို့ အချိန်ယူရပါမယ်" လို့ သာနာသွန်းက ပါတီသတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ထိုင်းရွေးကောက်ပွဲကို နိုင်ငံတစ်ဝှမ်း မဲရုံပေါင်း ၉၂,၀၀၀ ဖွင့်လှစ်ထားရှိပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။ ယခုရွေးကောက်ပွဲမှာ နယူးဇီလန်နိုင်ငံမှ အဝေးရောက်ဆန္ဒမဲ ၁,၅၀၀ က အချိန်နောက်ကျမှ ရောက်ရှိလာခဲ့ရာ ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးသွားမှာဖြစ်ပြီး ပယ်မဲအဖြစ် သတ်မှတ်နိုင်တယ်လို့ ဆိုပါတယ်။

ယခု ထိုင်းရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ ၅၁.၄ သန်းအနက် ၈၀ ရာခိုင်နှုန်း မဲပေးခဲ့ကြတယ်လို့ ရွေကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲ မဲရေတွက်မှုကို ဆက်လက် ပြုလုပ်နေဆဲဖြစ်ပြီး တရားဝင် ရွေးကောက်ပွဲရလဒ်ကိုတော့ ရက်ပေါင်း ၆၀ အတွင်း အတည်ပြု ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်ကိုတော့ ရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ အမတ် ၅၀၀ နဲ့ ရွေးကောက်ခံမဟုတ်ဘဲ စစ်တပ်အစိုးရက ရွေးချယ်ထားတဲ့ အမတ် ၂၅၀ တို့ပါဝင်တဲ့ လွှတ်တော်က ရွေးချယ်သွားမှာဖြစ်ပြီး အမတ် ၃၇၆ ဦးရဲ့ ထောက်ခံမှုရရှိသူက ဝန်ကြီးချုပ်ဖြစ်လာမှာပါ။

မတ်လ ၂၄ ရက် ညဉ့်နက်ပိုင်းအထိ ထိုင်းရွေးကောက်ပွဲ အခြေအနေ

  • စစ်တပ်လိုလားတဲ့ Palang Pracharat ပါတီ (PPRP) - ထောက်ခံမဲ ၇.၅ သန်း
  • ဒီမိုကရေစီလိုလားတဲ့ Pheu Thai ပါတီ - ထောက်ခံမဲ ၇ သန်း
  • လူငယ်များ အားပေးထောက်ခံတဲ့ Future Forward ပါတီ - ထောက်ခံမဲ ၅ သန်း
  • မဲအရေအတွက် ၉၂ ရာခိုင်နှုန်းကို ရေတွက်ပြီးစီးပြီဖြစ်

(ထောက်ခံမဲအရေအတွက်များ အပြောင်းအလဲရှိနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က