ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်မှာ ပဏာမ မဲရလဒ်တွေ ထွက်ပေါ်လာဖွယ်ရှိပါတယ်

ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲကို ယနေ့ (မတ်လ ၂၄ ရက်) ကျင်းပပြုလုပ်နေပြီ ဖြစ်ပါတယ်။

(မဲဆန္ဒရှင် ထိုင်းပြည်သူများ) (Photo: Getty Images)

ယခု ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ ထိုင်းပြည်သူ ၅၁ သန်းက နိုင်ငံတစ်ဝှမ်းရှိ မဲရုံတွေမှာ မဲပေးကြမယ်လို့ ယူဆရပါတယ်။ ရွေးကောက်ပွဲနေ့ မတိုင်မီ မတ်လ ၁၇ ရက်မှာ စတင်ခဲ့တဲ့ ကြိုတင်မဲပေးမှုမှာလည်း ထိုင်းပြည်သူများက ဆန္ဒမဲများ ကြိုတင်ပေးထားခဲ့ကြပါသေးတယ်။ ထိုင်းအထွေထွေရွေးကောက်ပွဲဟာ နိုင်ငံရဲ့ စစ်တပ်အုပ်ချုပ်မှုမှ ဒီမိုကရေစီစနစ်ကို ကူးပြောင်းမှုရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လာမှာပါ။



(စစ်တပ်အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုချာ မဲပေးစဉ်) (Photo: Mediacorp/CNA)

ရွေးကောက်ပွဲ မဲရုံတွေကို ထိုင်းစံတော်ချိန် ယနေ့ မနက် ၈ နာရီမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ညနေ ၅ နာရီမှာ ပိတ်မယ်လို့သိရပါတယ်။ ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းခေါင်းဆောင်ဖြစ်သလို လက်ရှိဝန်ကြီးချုပ်လည်းဖြစ်တဲ့ ပရာယွတ်ချန်အိုချာ (Prayut Chan-o-cha) နဲ့ Future Forward ပါတီမှ သာနာသွန်း ဂျူအန်ဂရွန်း ဂရူအန်ကစ် (Thanathorn Juangroongruangkit) တို့ ယနေ့မနက်ပိုင်းမှာ မဲရုံသို့လာရောက် မဲပေးခဲ့ကြတယ်လို့ CNA သတင်း ဖော်ပြပါတယ်။

(Future Forward မှ သာနာသွန်း မဲပေးစဉ်) (Photo: Mediacorp/CNA)

ထိုင်းဝန်ကြီးချုပ် ရာထူးအတွက် ရေပန်းစားနေတဲ့ Pheu Thai ပါတီမှ ဆူဒါရတ် ကီယူရာဖန် (Sudarat Keyuraphan) နဲ့ ဒီမိုကရက်ပါတီမှ အဘီဆစ် ဗက်ဂျာဂျီဗာ (Abhisit Vejjajiva) တို့လည်း ဘန်ကောက်မြို့မှာ မဲပေးခဲ့ကြကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ စစ်တပ်က ၂၀၁၄ ခုနှစ် မေလအတွင်း အာဏာသိမ်းခဲ့ပြီးနောက် ဒီမိုကရေစီစနစ် ပြန်လည်ဖော်ဆောင်နိုင်ရေး မသေချာ မရေရာမှုတွေ ကြုံခဲ့ကြရပါတယ်။

(ရွေးကောက်ပွဲ မဲရုံတစ်ခုမြင်ကွင်း) (Photo: Strats Times)

စစ်စိုးရ အုပ်ချုပ်နေစဉ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့ပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၇ ရက်နေ့မှာ လူထုဆန္ဒခံယူကာ အတည်ပြုခဲ့ပါတယ်။ ထို့နောက် ဘုရင့်ကိုယ်စားပြုပုဂ္ဂိုလ်ရွေးချယ်ရာမှာ ထိုင်းဘုရင်က လုပ်ပိုင်ခွင့်အာဏာပိုမိုရှိစေတဲ့ အချက်အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှု ၆ ခု ပြုလုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၆ ရက်မှာ နောက်ဆုံး အတည်ပြုခဲ့ကြောင်း သိရပါတယ်။ ဝေဖန်သူတွေက ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ရွေးကောက်ပွဲစနစ်ဟာ စစ်တပ်ကို အသာရစေနိုင်ကြောင်း ထောက်ပြထားကြပါတယ်။

(ဒီမိုကရက်ပါတီမှ အဘီဆစ် ဗက်ဂျာဂျီဗာ မဲပေးစဉ်) (Photo: Bangkok Post)

ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ထိုင်းဝန်ကြီးချုပ် ရွေးချယ်ရာမှာ ရွေးကောက်ခံ လွှတ်တော်အမတ် ၅၀၀ နဲ့အတူ ရွေးကောက်ခံမဟုတ်တဲ့ စစ်တပ်နဲ့ဆက်နွယ်နေသူ ၂၅၀ လည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။ ၎င်းတို့က ရွေးကောက်ပွဲအပြီးမှာ ထိုင်းဝန်ကြီးချုပ်ကို ရွေးချယ်ကြမှာလည်း ဖြစ်ပါတယ်။ ထိုင်းရွေးကောက်ပွဲ ပဏာမ မဲရလဒ်တွေကို ယနေ့ ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်မှာ စတင်သိရှိနိုင်မယ်လို့ မျှော်လင့်ရကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းမီ နောက်ဆုံးပြုလုပ်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာတော့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ညီမဖြစ်သူ ယင်လတ်ဦးဆောင်တဲ့ Pheu Thai ပါတီက အနိုင်ရခဲ့ပါတယ်။ ယင်လတ်ဟာ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲဖြင့် ထိုင်းဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းမှုဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရပါတယ်။

နောက်ဆက်တွဲသတင်း ဖတ်ရှုရန်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က