နှစ်ပတ်အတွင်း တရုတ်သို့သွားရောက်ခဲ့ဖူးတဲ့ နိုင်ငံခြားသားတွေကို ဝင်ရောက်ခွင့် ယာယီ ပိတ်ပင်လိုက်ပါတယ်။

လူသေဆုံးမှုတွေဖြစ်နေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်အသစ် ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန် အမေရိကန်အစိုးရက အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး လွန်ခဲ့တဲ့ နှစ်ပတ်အတွင်း တရုတ်သို့သွားရောက်ခဲ့ဖူးတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံအတွင်းဝင်ရောက်ခွင့် ယာယီ ပိတ်ပင်လိုက်ပါတယ်။

ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာမှုဟာဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ စတင်သက်ရောက်မှာပါ


(အမေရိကန်ကျန်းမာရေးဝန်ကြီးက ကြေညာချက်ထုတ်ပြန်စဥ်) (Photo: EPA-EFE)

ဇန်နဝါရီ ၃၁ ရက်မှာ အမေရိကန်အစိုးရက ထုတ်ပြန်လိုက်တဲ့ ကန့်သတ်ချက်တွေအရ ဗိုင်းရပ်စ်စတင်တွေ့ရှိရာ တရုတ်အလယ်ပိုင်းပြည်နယ်မှ ပြန်လာခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေကိုလည်း ၁၄ ရက်ကြာ သီးသန့်ထိန်းသိမ်းစောင့်ကြည့်သွားမယ်လို့ ကျန်းမာရေးဝန်ကြီး Alex Azar က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ အခြား နေရာဒေသများမှ ပြန်လာခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေဟာ နိုင်ငံအတွင်းဝင်ရောက်စဥ် ကျန်းမာရေးစစ်ဆေးမှု ခံယူရမှာဖြစ်ပြီး ၎င်းတို့နေအိမ်မှာပင် ကိုယ်တိုင် သီးသန့်နေထိုင်ပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်ခံရမယ်လို့ ဆိုပါတယ်။ "ကိုရိုနာဗိုင်းရပ်စ်ကို အမေရိကန်မှာ အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကျွန်တော် ဒီနေ့ ကြေညာလိုက်ပါတယ်" လို့ Alex Azar က အိမ်ဖြူတော်မှာပြုလုပ်တဲ့ သတင်းထုတ်ပြန်မှုမှာ ပြောပါတယ်။

(လေဆိပ်တစ်ခုမှာတွေ့ရသည့် ခရီးသွားများ) (Photo: TIME)

ယခု ကြေညာလိုက်တဲ့ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေဟာ လာမယ့် ဖေဖေါ်ဝါရီ ၂ ရက်နေ့မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။ အမေရိကန်မှာ ယနေ့ (ဖေဖေါ်ဝါရီ ၁ ရက်) အထိ ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသူ ၆ ဦး စစ်ဆေးအတည်ပြုထားပြီး လူတစ်ဦးမှတစ်ဦးသို့ ကူးစက်မှုလည်း တွေ့ရှိထားပါတယ်။

အစိုးရက ယခုကဲ့သို့ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီးနောက် အမေရိကန်ရှိ အဓိက လေကြောင်းလိုင်းသုံးခုဖြစ်တဲ့ American, Delta နဲ့ Unied တို့က တရုတ်နိုင်ငံသို့ ပျံသန်းနေတဲ့ လေကြောင်းခရီးစဥ်အားလုံးကို ဆိုင်းငံ့ထားကြောင်း ထုတ်ပြန်ပါတယ်။



(Delta လေကြောင်းလိုင်း လေယာဥ်များ) (Photo: Reuters)


ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ ကူးစက်မှုစတင်တွေ့ခဲ့ရတဲ့ ဗိုင်းရပ်စ်အသစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ကမ္ဘာလုံးဆိုင်ရာ အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ယခုသီတင်းပတ်အတွင်း သတ်မှတ်ကြေညာခဲ့ပါတယ်။

အမေရိကန်ကဲ့သို့ပင် စင်ကာပူနိုင်ငံကလည်း လူထုအကြား ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အန္တရာယ်နည်းပါးစေရန် ဆောင်ရွက်မှုတစ်ခုအဖြစ် လတ်တ‌လော ကာလအတွင်း တရုတ်ပြည်မကြီးသို့ သွားရောက်ခဲ့ဖူးသူတွေကို စင်ကာပူနိုင်ငံအတွင်း ဝင်ခွင့်ပြုတော့မှာမဟုတ်ကြောင်း ကြေညာထားပါတယ်။ ရုရှားနိုင်ငံကလည်း ဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဟန့်တားမှုအဖြစ် တရုတ်နိုင်ငံနဲ့နယ်စပ်ကို ယာယီ ပိတ်ပင်ထားကြောင်း သိရပါတယ်။

(အဝင်အထွက်ပိတ်ထားသည့် ဝူဟန်မြို့ မြင်ကွင်းတစ်ခု) (Photo: Reuters)

ဖေဖေါ်ဝါရီ ၁ ရက် မနက်ပိုင်းအထိ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၁၁,၉၄၆ ဦး စစ်ဆေးတွေ့ရှိထားပါတယ်

ဝူဟန်မြို့မှာ စတင်တွေ့ရှိရပြီး လတ်တလော ကမ္ဘာတစ်ဝှမ်း ကူးစက်ပျံ့နှံ့နေတဲ့ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်အသစ်ကို WHO က Novel coronavirus (2019-nCoV) လို့ ယာယီအမည် ရည်ညွှန်းသတ်မှတ်ထားပါတယ်။ ထိုဗိုင်းရပ်စ်စတင်ရာ အဓိကဇစ်မြစ်ဟာ တိရိစ္ဆာန်ဖြစ်နိုင်ကြောင်း WHO နဲ့ တရုတ်ကျွမ်းကျင်ပညာရှင်တွေက ယုံကြည်ထားပါတယ်။

2019-nCoV ဗိုင်းရပ်စ်ဟာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်း တရုတ်အစိုးရ ကျွမ်းကျင်ပညာရှင်တွေက အတည်ပြုထားပါတယ်။ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်မှုက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ပိုမိုလျင်မြန်စွာနဲ့ ကျယ်ပြန့်စွာ ဖြစ်စေနိုင်ကြောင်းလည်း သိရပါတယ်။ ဖေဖေါ်ဝါရီ ၁ ရက် မနက်ပိုင်းအထိ အတည်ပြုစာရင်းတွေအရ ဗိုင်းရပ်စ်ကြောင့် တရုတ်မှာ လူ ၂၅၉ ဦး သေဆုံးပြီး ကူးစက်ခံရသူ ၁၁,၇၉၁ ဦး တွေ့ရှိထားပါတယ်။

(ဗိုင်းရပ်စ်အသစ် ကူးစက်ခံရသည့် လူနာတစ်ဦး) (Photo: AFP)


ဖေဖေါ်ဝါရီ ၁ ရက် မနက်ပိုင်းအထိ တရုတ်ပြည်မကြီး အပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ စုစုပေါင်း ၁၁,၉၄၆ ဦး စစ်ဆေးတွေ့ရှိ အတည်ပြုထားပါတယ်။ တရုတ်ပြည်မကြီးရဲ့ နေရာဒေသအားလုံးမှာ ဗိုင်းရပ်စ်အသစ် ကူးစက်မှုများ တွေ့ရှိထားပါတယ်။

တရုတ်ပြည်မကြီးပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုများအဖြစ် ဇန်နဝါရီ ၃၁ ရက် ညပိုင်းအထိ ထိုင်းမှာ ၁၉ ဦး၊ ဂျပန်မှာ ၁၇ ဦး၊ စင်ကာပူမှာ ၁၆ ဦး၊ ဟောင်ကောင်မှာ ၁၃ ဦး၊ တောင်ကိုရီးယားမှာ ၁၁ ဦး၊ ထိုင်ဝမ်မှာ ၁၀ ဦး၊ ဩစတြေးလျမှာ ၉ ဦး၊ မလေးရှားမှာ ၈ ဦး၊ ဂျာမနီမှာ ၇ ဦး၊ မကာအိုမှာ ၇ ဦး၊ ပြင်သစ်မှာ ၆ ဦး၊ အမေရိကန်မှာ ၆ ဦး၊ ဗီယက်နမ်မှာ ၅ ဦး၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) မှာ ၄ ဦး၊ ကနေဒါမှာ ၃ ဦး၊ အီတလီမှာ ၂ ဦး၊ ရုရှားမှာ ၂ ဦး၊ ဗြိတိန်မှာ ၂ ဦး၊ ကမ္ဘောဒီးယားမှာ ၁ ဦး၊ ဖင်လန်မှာ ၁ ဦး၊ အိန္ဒိယမှာ ၁ ဦး၊ နီပေါမှာ ၁ ဦး၊ ဖိလစ်ပိုင်မှာ ၁ ဦး၊ စပိန်မှာ ၁ ဦး၊ သီရိလင်္ကာမှာ ၁ ဦးနဲ့ ဆွီဒင်မှာ ၁ ဦး တွေ့ရှိရပါတယ်။

မြန်မာနဲ့ ဗိုင်းရပ်စ်အသစ်

မြန်မာနိုင်မှာလည်း ယနေ့ မနက်ပိုင်းက တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှ ဆိုက်ရောက်လာတဲ့ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ဝူဟန်မြို့မှ အသက် ၆၀ အရွယ် တရုတ်အမျိုးသားတစ်ဦးနဲ့ မြန်မာအမျိုးသားနှစ်ဦးတို့ကို ဗိုင်းရပ်စ်ကူးစက်ခံရမှု သံသယရှိတာကြောင့် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရပါတယ်။

ဝေဘာဂီဆေးရုံကို ရောက်ရှိလာတဲ့ ကိုရိုနာဗိုင်းရပ်စ်သံသယရှိ တရုတ်အမျိုးသားကို အချိန်ပြည့် စစ်ဆေးစောင့်ကြည့်နေပြီး မြန်မာအမျိုးသား နှစ်ဦးကိုတော့ လေယာဥ်တစ်စီးတည်း လိုက်ပါလာတဲ့အတွက် စောင့်ကြည့်ရတာဖြစ်ကြောင်း ဝေဘာဂီဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က ပြောပါတယ်။ ၎င်းတို့ သုံးဦးကို ၁၄ ရက်တိတိ ဆေးရုံမှာ စောင့်ကြည့်စစ်ဆေးသွားမယ်လို့ ဝေဘာဂီဆေးရုံက အတည်ပြုပြောကြားထားပါတယ်။

Source: SCMP, Guardian, BBC

Share

Loading Next Article...
က္က