ဒီအမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်မှုတွေလည်းမရှိပါဘူး။

ပြည်သူတွေ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး CID ရဲ့ လုပ်ဆောင်ချက်တွေ၊ စစ်ဆေးချက်တွေကို သတင်းထုတ်ပြန်မှုလေးတော့ လုပ်ဆောင်ပေးသင့်တယ်လို့ မန္တလေးမြို့ဆန္ဒပြပွဲ ဦးဆောင်သူ ကိုမြတ်သူဟိန်းကပြောပါတယ်။

နေပြည်တော် နေ့ကလေးထိန်းကျောင်းမှာ လိင်အကြမ်းဖက်မှုခံရတဲ့ ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး CID ရဲ့စစ်ဆေးမှုတွေကို အားမရဘူးလို့ မန္တလေးမြို့ ဆန္ဒပြပွဲကိုဦးဆောင်တဲ့ ကိုမြတ်သူဟိန်းကပြောပါတယ်။ ဒီကနေ့ ဇူလိုင်လ(၈)ရက်နေ့ မနက်ပိုင်းက ကလေးငယ် ဗစ်တိုးရီယားအတွက် တရားမျှတမှုရဖို့နဲ့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် မန္တလေးမှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။


“CID အပေါ်ကို ကျွန်တော်အားမရဘူး။ ဒီလို သက်ငယ်မုဒိမ်းမှုကြီးဖြစ်တယ်၊ နောက်တစ်ခုက အသက်အရွယ်အားဖြင့် (၃)နှစ်တောင် မပြည့်သေးတဲ့ သမီးအရွယ်လေးတစ်ယောက် လိင်အကြမ်းဖက်မှုခံရတယ်။ ဒီလိုပြုကျင့်ခံရတဲ့အပေါ်မှာ ကျွန်တော်တို့က ကိုယ့်သမီးလို၊ ကိုယ့်တူမလို သဘောထားပြီး ဒီကိစ္စကို ဖိဖိစီးစီးဆောင်ရွက်စေချင်တာ။ အခု CID က သူတို့ရဲ့လုပ်ဆောင်ချက်တွေ၊ စုံစမ်းဖော်ထုတ်ချက်တွေကို ကျွန်တော်တို့ပြည်သူတွေ ဘာမှမသိရဘူး။ ရဲလုပ်ငန်းမို့လို့ မပြောဘူးလို့နေလို့ရပေမယ့် ပြည်သူတွေ စိတ်ဝင်စားနေတဲ့ ကိစ္စဖြစ်တဲ့အတွက် သတင်းထုတ်ပြန်မှုတစ်ခုတော့ လုပ်ပေးသင့်တယ်” လို့ မန္တလေးမြို့ဆန္ဒပြပွဲ ဦးဆောင်သူ ကိုမြတ်သူဟိန်းက Duwun ကိုပြောပါတယ်။

“ဒီအမှုမှာ ကျွန်တော်သာမန်လူတစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် ကြားရတဲ့သတင်းတွေကရှေ့နောက်မညီဘူးဖြစ်နေတယ်။ သတင်းစာရှင်းလင်းပွဲမှာပြောကြတယ်၊ အင်တာဗျူးတွေမှာဖြေကြတယ်။ ကျွန်တာ့်စိတ်ထဲမှာတော့ ဘဝင်မကျဘူး။ ဘာလို့လဲဆိုတော့ ပြောနေကြတာတွေကရှေ့နောက်မညီလို့။ ခုလည်း တရားခံပေါ်တယ်ပြောတယ်၊ စောင့်ကြည့်ချင်သေးတယ်။ ဘာတွေဖြစ်လာမလဲ ဘာတွေပြောဦးမလဲဆိုတာကို” လို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ အဆိုတော်မွန်းအောင်က Duwun ကို ပြောပါတယ်။

"အခုလို ဆန္ဒဖော်ထုတ်တာကလည်း ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုရှိဖို့တောင်းဆိုတာပါ။ ၂၀၁၈ခုနှစ်တုန်းကလည်း သက်ငယ်မုဒိမ်းနဲ့ပတ်သက်လို့ မန္တလေးက သက်ငယ်မုဒိမ်းပပျောက်ရေး ကမ်ပိန်းအဖွဲ့ကနေ အသိပညာပေးတွေ၊ လက်ကမ်းစာစောင်ဝေတာတွေလုပ်ခဲ့ပြီး ရှေ့ဆက်ပြီးလည်း ခုလိုမျိုးတွေဆောင်ရွက်သွားဦးမှာပါ" လို့ ကိုမြတ်သူဟိန်းကပြောပါတယ်။

ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုရှိဖို့တောင်းဆိုတဲ့ မန္တလေးမြို့က ဆန္ဒထုတ်ဖော်ပွဲမှာတော့ လူအင်အား(၅,၀၀၀)ခန့် ပါဝင်ခဲ့ကြတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က