Hmue Eain Zaw

"ကျွန်တော်တို့ အဓိကပြောချင်တာက ဗဟိုဘဏ်အနေနဲ့ ဒီကိစ္စကို နှုတ်နဲ့လည်း ပိတ်ပါလို့မပြောခဲ့သလို စာနဲ့လည်း ညွှန့်ကြားချက် မထုတ်ခဲ့ပါဘူး။"လို့ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးသိန်းက Duwun ကိုပြောပါတယ်။

Photo - Jessica Mozart Fb

ဧရာဝတီဘဏ်မှာ ဖွင့်ထားတဲ့ အကောင့်တစ်ခုကို ကာယကံရှင်တွေ မသိရှိခဲ့ပဲ ယာယီပိတ်သိမ်းခဲ့တဲ့ ဖြစ်စဉ်မှာ ဗဟိုဘဏ်အနေနဲ့ အဲ့ဒီလိုပိတ်ဖို့ နှုတ်နဲ့လည်း မပြောခဲ့သလို စာနဲ့လည်းမညွှန့်ကြားခဲ့ဘူးလို့ ဗဟိုဘဏ်တာဝန်ရှိသူက Duwun ကိုပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့က ကလေးငယ် ဗစ်တိုးရီးယားအတွက် ရည်ရွယ်ပြီးဖွင့်ထားတဲ့ ဧရာဝတီဘဏ်မှာဖွင့်ထားတဲ့ ဝင်းကိုကိုသိန်းနာမည်နဲ့ အကာင့်တစ်ခု ယာယီဆိုင်းငံ့ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ညွှန်ကြားလာတဲ့အတွက် ဝန်ဆောင်မှု ယာယီဆိုင်းငံ့ခဲ့ရပါတယ်။

နေပြည်တော်က မူကြိုကျောင်းသူလေ ဗစ်တိုးရီးယား လိင်အကြမ်းဖက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒီအရေးကိစ္စတွေကို လိုက်ပါဆောင်ရွက်ဖို့ဆိုပြီး Victoria Financial Team ဆိုတဲ့ အဖွဲ့တစ်ဖွဲ့က ဘဏ်အကောင့်တစ်ခုနဲ့ အလှူငွေလက်ခံတာတွေ လုပ်ဆောင်နေဆဲမှာ အကောင့် ယာယီရပ်ဆိုင်းခံခဲ့ရတာ ဖြစ်ပါတယ်။

Photo - AYA Bank

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီဘဏ် အုပ်ချုပ်မူအဖွဲ့က ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းများကို ပြန်လည်စိစစ် ဆွေးနွေးတိုင်ပင်ပြီး သက်ဆိုင်ရာက တရားဝင်စာနဲ့ ညွှန်ကြားချက်မပြုမချင်း ယုံကြည်စွာအပ်နှံထားသော ငွေစာရင်းပိုင်ရှင်အား ဝန်ဆောင်မှု ဆက်လက်ပေးသွားရန် ဆုံးဖြတ်ခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လည် ဖွင့်လှစ်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးသိန်းကတော့ "ဥပဒေကြောင်းအရ ပြောရင် အများကြီးရှုပ်ထွေးသွားမယ်။ ကျွန်တော်တို့ အဓိကပြောချင်တာက ဗဟိုဘဏ်အနေနဲ့ ဒီကိစ္စကို နှုတ်နဲ့လည်း ပိတ်ပါလို့မပြောခဲ့သလို စာနဲ့လည်း ညွှန့်ကြားချက်မထုတ်ခဲ့ပါဘူး" လို့ Duwun ကိုပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Victoria အတွက် အလှူခံနေတယ်ဆိုပြီး Bank Account ဖွင့် တရားမဝင် အလှူခံနေမှုတွေရဲ့ ပထမအဆင့်အနေနဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင်ကို ကြိုတင်လျို့ဝှက်စုံစမ်း ဖော်ထုတ်ခဲ့ပြီး မည်သူမည်ဝါသိရတာကြောင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Victoria ကိစ္စ အကြောင်းပြုပြီး ငွေအလှူခံမှုသည် ရိုးသားမှုရှိပါက မပြောလိုပေမယ့် ရိုးသားမှုမရှိလျင် လက်မခံဘဲ စိစစ်အရေးယူမယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့လက်အောက်မှာရှိတဲ့ အဖွဲ့တစ်ခုဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က