ကာယကံရှင်နဲ့ အလှူရှင်တွေကို ထပ်ပြီးတောင်းပန်လိုက်တာပါ။

ဗစ်တိုးရီးယားလေးအတွက် ရည်ရွယ်ပြီးဖွင့်ထားတဲ့ ဘဏ်အကောင့် ယာယီပိတ်ခဲ့ရမှုနဲ့ ပတ်သက်ပြီး ကာယကံရှင်နဲ့ အလှူရှင်တွေကို ထပ်ပြီးတောင်းပန်လိုက်တာပါ။

Photo - AYA Bank FB



ဧရာဝတီဘဏ်မှာ ဖွင့်ထားတဲ့ အကောင့်တစ်ခုကို ကာယကံရှင်တွေ မသိရှိခဲ့ပဲ ယာယီပိတ်သိမ်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကာယကံရှင်နဲ့ အလှူရှင်တွေကို ဧရာဝတီဘဏ်ဖက်က တောင်းပန်ကြောင်းကြေညာချက်တစ်စောင် ဒီနေ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

"ဖြစ်ပေါ်ခဲ့တဲ့ အခိုက်အတန့်အတွင်း လူကြီးမင်းနှင့် အလှူရှင်များ စိတ်အနှောင့်အယှက် နှင့် အဆင်မပြေမူများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် မိမိတို့ ဧရာဝတီဘဏ် အနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ရပါသည်။ ထပ်မံ၍လည်း အနူးအညွတ် တောင်းပန်အပ်ပါသည်။" လို့ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့က ကလေးငယ် ဗစ်တိုးရီးယားအတွက် ရည်ရွယ်ပြီးဖွင့်ထားတဲ့ ဧရာဝတီဘဏ်မှာဖွင့်ထားတဲ့ ဝင်းကိုကိုသိန်းနာမည်နဲ့ အကောင့်တစ်ခု ယာယီဆိုင်းငံ့ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ညွှန်ကြားလာတဲ့အတွက် ဝန်ဆောင်မှု ယာယီဆိုင်းငံ့ခဲ့ရပါတယ်။

နေပြည်တော်က မူကြိုကျောင်းသူလေ ဗစ်တိုးရီးယား လိင်အကြမ်းဖက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒီအရေးကိစ္စတွေကို လိုက်ပါဆောင်ရွက်ဖို့ဆိုပြီး Victoria Financial Team ဆိုတဲ့ အဖွဲ့တစ်ဖွဲ့က ဘဏ်အကောင့်တစ်ခုနဲ့ အလှူငွေလက်ခံတာတွေ လုပ်ဆောင်နေဆဲမှာ ခုလိုပဲ အကောင့် ယာယီရပ်ဆိုင်းခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီဘဏ် အုပ်ချုပ်မူအဖွဲ့က ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းများကို ပြန်လည်စိစစ် ဆွေးနွေးတိုင်ပင်ပြီး သက်ဆိုင်ရာက တရားဝင်စာနဲ့ ညွှန်ကြားချက်မပြုမချင်း ယုံကြည်စွာအပ်နှံထားသော ငွေစာရင်းပိုင်ရှင်အား ဝန်ဆောင်မှု ဆက်လက်ပေးသွားရန် ဆုံးဖြတ်ခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လည် ဖွင့်လှစ်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဗဟိုဘဏ်အနေနဲ့ကတော့ ဒီကိစ္စကို နှုတ်နဲ့လည်း ပိတ်ပါလို့မပြောခဲ့သလို စာနဲ့လည်း ညွှန့်ကြားချက်မထုတ်ခဲ့ပါဘူးလို့ ဗဟိုဘဏ် ဒုတိယဥက္ကဌဦးစိုးသိန်းက Duwun ကိုပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Victoria အတွက် အလှူခံနေတယ်ဆိုပြီး Bank Account ဖွင့် တရားမဝင် အလှူခံနေမှုတွေရဲ့ ပထမအဆင့်အနေနဲ့ သက္ကမိုးညို အကောင့် ပိုင်ရှင်ကို ကြိုတင်လျို့ဝှက်စုံစမ်း ဖော်ထုတ်ခဲ့ပြီး မည်သူမည်ဝါသိရတာကြောင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Victoria ကိစ္စ အကြောင်းပြုပြီး ငွေအလှူခံမှုသည် ရိုးသားမှုရှိပါက မပြောလိုပေမယ့် ရိုးသားမှုမရှိလျင် လက်မခံဘဲ စိစစ်အရေးယူမယ်လို့လည်း ရဲတပ်ဖွဲ့က ဆိုပါတယ်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဆိုတာဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့လက်အောက်မှာရှိတဲ့ အဖွဲ့တစ်ခုဖြစ်ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က