ကိုဗစ် ၁၉ကာလမှာ စားသောက်ဆိုင်တွေ ဝင်ငွေဟာ သုညအထိကျဆင်းသွားခဲ့ပါတယ်။

ကိုဗစ် ၁၉ ဂယက်ကြောင့် စားသောက်ဆိုင်လုပ်ငန်းရဲ့ဝင်ငွေကဏ္ဍကဟာ ပြီးခဲ့တဲ့၂၀၁၉ ခုနှစ်ကထက် ဝင်ငွေရရှိမှုနူန်းထက် ထက်ဝက်ကျော်ကျဆင်းသွားခဲ့တယ်လို့ COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စီးပွားရေး သက်ရောက်မှုစစ်တမ်းအရသိပါတယ်။



ယခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ  အစားအသောက်နှင့်အဖျော်ယမကာ ကဏ္ဍမှ ဝင်ငွေရရှိမှုက အမေရိကန်ဒေါ်လာ သန်း ၅၈.၅၄၅ သာရှိခဲ့ပြီး ၂၀၁၉ခုနှစ် ရဲ့ ကာလတူ ဝင်ငွေရရှိမှုကတော့ အမေရိကန်ဒေါ်လာ သန်း၁၂၅. ၄၉၃ ရှိခဲ့တယ်လို့ စစ်တမ်းမှာဖော်ပြထားပါတယ်။

ဒါကြောင့် ယခုနှစ်ရဲ့ စားသောက်ဆိုင်လုပ်ငန်းတွေ ဝင်ငွေရရှိမှုဟာဆိုရင် ပြီးခဲ့တဲ့နှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်ကျဆင်းခဲ့ပြီး ရာခိုင်နူန်းအားဖြင့် ၅၃ ရာခိုင်နူန်းကျော်လျော့ကျသွားတာဖြစ်ပါတယ်။

" ကိုဗစ် ၁၉ ကာလမှာ စားသောက်ဆိုင်လုပ်ငန်းတွေ တော်တော်လေးအထိနာခဲ့တယ်။အဲ့ဒီအတွက် ခုဆိုင်တွေ ပြန်ဖွင့်ချိန်ရောက်ပေမယ့်လည်း တချို့ဆိုင်တွေ ဖွင့်လှစ်နိုင်ဖို့ ခက်ခဲတဲ့အခြေအနေဖြစ်နေ တယ်။ဒါ့ကြောင့် မြေပြင်မှာ အမှန်တကယ်လုပ်နေတဲ့စားသောက်ဆိုင်လုပ်ငန်းတွေ ကြုံတွေ့နေရတဲ့အခက်အခဲ အခြေအနေအစစ်အမှန်ကိုသိရှိဖို့ ကျနော်တို့စစ်တမ်းတစ်ခုကောက်ခဲ့ပါတယ်။ဒီစစ်တမ်းအရ စားသောက်ဆိုင်လုပ်ငန်းတွေ လူအဝင်မရှိလို့ ရောင်းအားမရှိတာ၊ဆိုင်ခန်းငှားရမ်းခဈေးကြီးတာ၊ ဝန်ထမ်းအတွက်လစာတွေ အခွန်အခတွေအတွက် အခက်အခဲဖြစ်နေတာကို သိရတယ်။ဒါကြောင့် ဒီစစ်တမ်းအပေါ် သုံးသပ်ပြီး အစိုးရဆီ တင်ပြဖို့ရှိပါတယ်။"လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းက ပြောပါတယ်။

မေလ ၁၆ ရက်နေ့နောက်ပိုင်းက စပြီး ကိုဗစ်ကာကွယ်ရေးအတွက် ပုံစံသစ်နဲ့ ပြန်လည်ဖွင့်လှစ်လာတဲ့ ရန်ကုန်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်

ကိုဗစ် ၁၉ကာလမှာ စားသောက်ဆိုင်တွေ ဝင်ငွေဟာ သုညအထိကျဆင်းသွားခဲ့လို့ တကယ်တမ်းဆိုင်ပြန်ဖွင့်ချိန်မှာတောင် တချို့လုပ်ငန်းရှင်တွေအနေနဲ့ ဆိုင်ပြန်မဖွင့်နိုင်သေးတဲ့အခြေအနေ ရှိနေတယ်လို့ ဆိုပါတယ်။

အစိုးရက မြန်မာနိုင်ငံမှာကိုဗစ် ၁၉ စတင်ဖြစ်ပွားခဲ့တဲ့ မတ်လ ကတည်းက တစ်နိုင်ငံလုံးမှာရှိတဲ့ စားသောက်ဆိုင်တွေကို ပိတ်စေခဲ့ပြီး လက်ဘက်ရည်ဆိုင်တွေကိုတော့ ပါဆယ် စနစ်ဖြင့်ရောင်းချခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ပါဆယ်စနစ် စားသုံးသူ နည်းပါးခဲ့တာကြောင့် ဆိုင်အနည်းငယ်သာ ရောင်းချမှုရှိခဲ့ပါတယ်။

ထို့အတူ KTV ၊ Bar ၊ Night Club တွေကိုလည်း ယာယီ ပိတ်ခိုင်းခဲ့ပါတယ်။ လက်ရှိမှာတော့ စားသောက်ဆိုင်လုပ်ငန်းတွေကို ပြန်လည်ဖွင့်လှစ်ရောင်းချလာတာတွေ့ရသလို တချို့သော ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာဆိုရင် KTV တွေကို ဖွင့်လှစ်ခွင့်ပြုတာတွေရှိနေပါတယ်။

ကိုဗစ် ၁၉ မဖြစ်ခင်ကာလက KTV ၊ Spa အပါအဝင် အခြား အသေးစားဝန်ဆောင်မှူလုပ်ငန်းတွေအနေဖြင့် လုပ်ငန်းပေါင်း ၂၃၈ ခုရပ်တည်နိုင်ခဲ့ပေမယ့် ကိုဗစ်ကြောင့် လုပ်ငန်း ၁၈၂ ခုရပ်နားခဲ့ရပါတယ်၊လက်ရှိမှာ လုပ်ကိုင်နေတဲ့လုပ်ငန်း ၅၆ ခုသာ ကျန်ပါတော့တယ် ။

ကိုဗစ် ၁၉ ဂယက်ကြောင့် ၂၀၂၀ ခုနှစ် ပထမ ၅ လမှာ ယခင်နှစ် ပထမ ၅ လထက် ဝင်ငွေလျော့ကျခဲ့တဲ့ အခြားကဏ္ဍတွေလည်း ရှိပြီး ဟိုတည်နဲ့ တည်းခိုရိပ်သာ ကဏ္ဍမှာဆိုရင် ယခင်နှစ်ကထက် ၅၃ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က