ကလေးငယ်နှစ်ဦးအပါအဝင် လူ (၃)ဦးသေဆုံးခဲပြီး လူ(၂၀၀)နီးပါးရေဘေးသင့်ခဲ့ပါတယ်။

အရှေ့ဘက်မှ လာတဲ့ အပူပိုင်းမုန်တိုင်း နိုလ်(NOUL)ရဲ့ တိမ်တိုက်အကြွင်းအကျန်များနဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုတွေနဲ့ အတူ လူသေဆုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ 

စက်တင်ဘာလ (၂၀)ရက်နေ့က မွန်ပြည်နယ် ကျိုက်ထိုမှာ မိုးသည်းထန်စွာရွာပြီး စစ်တောင်းမြစ်ရေတက်ပြီး ဒီရေလှိုင်းရိုက်ခတ်မှုကြောင့် နေအိမ်တစ်လုံးမျောပါကာ (၃)ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။



“ မနေ့ကဆို မိုးကလည်းအရမ်းရွာတယ်။ မြစ်ရေတက်တဲ့အတွက် မြစ်ကမ်းစပ်နေထိုင်လျှက်ရှိတဲ့သူတွေကိုတော့ ရွေ့ပြောင်းနေထိုင်ရေးတွေအတွက် စီစဉ်ပေးထားပါတယ်။ မနေ့ကဆိုရင် ပင်လယ်လှိုင်းပုတ်ခတ်ပြီး ပြန်ကျသွားတော့ လှိုင်းနဲ့အတူ ကမ်းစပ်က နေအိမ်တစ်လုံးပါသွားတယ်။ အဲဒီထဲ ကလေးငယ်နှစ်ဦးလည်းပါတယ်။ အားလုံး(၃)ယောက်လို့တော့ သိရတယ်။ အခု အဲဒီလိုထပ်ဖြစ်မှာဆိုးလို့ ကမ်းစပ်ကနေ အိမ်တွေကို ရွှေ့ပြောင်းမှုတွေ လုပ်ထားတယ်”လို့ ကျိုက်ထိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏကျော်က Duwun ကို ပြောပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့က မွန်ပြည်နယ်အနှံ့အပြား မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ပေါင်မြို့နဲ့ ရေးမြို့ဘက်မှာလည်း လေပြင်းတိုက်ခတ်မှုနဲ့အတူ မိုးရွာသွန်းခဲ့တာကြောင့် နေအိမ် (၄၀)ကျော်ပျက်စီးကာ လူဦးရေ (၂၀၀) နီးပါး ရေဘေးသင့်ခဲ့တယ်လို့ သိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်မှာလည်း မုန်တိုင်းဝင်ရောက်ကာ ပင်လယ်ကမ်းစပ်နဲ့ အနီးရှိကျေးရွာက နေအိမ် အလုံး (၂၀)ကျော် ပျက်စီးခဲ့ပါတယ်။

စက်တင်ဘာလ (၁၈)ရက်နေ့ နေ့လယ်ပိုင်းက စပြီး မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းတိုက်ခတ်ခဲ့ပြီး ပင်လယ်လှိုင်းကြီးတာကြောင့် အနီးရှိ ကျေးရွာက အိမ်တွေပျက်စီးခဲ့တာဖြစ်ပါတယ်။ အရှေ့ဘက်မှ လာတဲ့ အပူပိုင်းမုန်တိုင်း နိုလ်(NOUL)ရဲ့ တိမ်တိုက်အကြွင်းအကျန်များနဲ့ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေ အားကောင်းနေတာကြောင့် မြန်မာနိုင်ငံ အနှံ့ ဒေသအလိုက် နေရာကွက်ကြား မိုးကြီးနိုင်တယ်လို့ မိုးဇလကထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ (၁၉)ရက်နေ့ကနေ (၂၂)ရက်အထိ တစ်နိုင်ငံလုံး မိုးကြီးနိုင်တာကြောင့် တောင်ကုန်းတောင်တန်းနဲ့ မြစ်ငယ်ချောင်းငယ်ဘေးမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး မြေပြိုမှု အန္တရာယ်ကို သတိပြုကြဖို့ကိုလည်း အသိပေးပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က