လစ်လပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်နေရာအတွက် ဒေါ်ခင်မျိုးကြည်ကို ဒီကနေ့ စက်တင်ဘာ ၂၇ ရက်မှာ ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်ကြောင်း သိရပါတယ်။
Photo - Khin Myo Kyi Facebook
ရန်ကုန်တိုင်းဒေသကြီး ဥပဒေအချုပ်နေရာမှာ အစားထိုးခန့်အပ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက စက်တင်ဘာ ၂၆ ရက် တိုင်းလွှတ်တော်အစည်းအဝေးမှာ အမည်စာရင်းတင်သွင်းခဲ့တာပါ။
ဒေါ်ခင်မျိုးကြည်ဟာ လက်ရှိမှာ အသက် ၆၁ နှစ်အရွယ်ရှိပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှာ ညွှန်ကြားရေးမှူးအဖြစ် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။ ဥပဒေနယ်ပယ်မှာ လုပ်သက် ၃၄ နှစ်ရှိပြီးတော့ လာဘ်ပေးလာဘ်ယူကိစ္စ အရှုပ်အရှင်းကင်းရှင်းသူ တစ်ဦးဖြစ်ကြောင်း နီးစပ်တဲ့ ပုဂ္ဂိုလ်အသိုင်းအဝိုင်းအချို့ သုံးသပ်ပါတယ်။
ယခင် ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးကတော့ သရုပ်ဆောင်အောင်ရဲထွေးအသတ်ခံရတဲ့ အမှုမှာ ကျူးလွန်သူတွေဆီကနေ တံစိုးလက်ဆောင်တွေရယူခဲ့တယ်ဆိုပြီး တရားစွဲခံနေရတာလည်းဖြစ်ပါတယ်။ ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံနိုင်ရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီး ဦးဟန်ထူးအပြင် အောင်ရဲထွေးအမှု ကိုင်တွယ်ခဲ့တဲ့ ဥပဒေအရာရှိ ၄ ဦးနဲ့ အရင် သုဝဏ္ဏစခန်းမှူးတို့ အဂတိလိုက်စားမှု ဥပဒေတွေနဲ့ တရားရင်ဆိုင်နေရပါတယ်။