လက်ရှိအချိန်ထိ WHO က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေး မရှိသေးဘူးလို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

အွန်လိုင်းမှာရောင်းချနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ဝယ်ယူမသုံးစွဲကြဖို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေးပြောကြားခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးဆိုပြီး ရောင်းချနေသူတွေ ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲမှ ညွန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောလိုက်ပါတယ်။

လက်ရှိမှာ ကိုဗစ်ကပ်ရောဂါအတွက် ကာကွယ်ဆေးထုတ်ဖို့ ကမ္ဘာ့နိုင်ငံအများအပြားက ကြိုးစားနေဆဲဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေထောက်ခံတဲ့ ကိုဗစ်ကာကွယ်ဆေးဆိုတာမရှိသေးသလို ယာယီကာကွယ်ဆေးတွေကလည်းသုံးလို့ မသင့်တော်သေးတာကြောင့် ဈေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချလို့ မရသေးဘူးလို့လည်း ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။ 



“ကမ္ဘာ့နိုင်ငံတွေက ကာကွယ်ဆေးအများကြီးကြိုးစားနေကြပေမယ့် အချက် ၆ ချက်ကိုက်ညီမှုရှိမှသာ WHO ကအသိအမှတ်ပြုတာဖြစ်ပါတယ်။ လက်ရှိယာယီကာကွယ်ဆေးတွေဟာ သုံးလိုမတော်သေးပါဘူး။သုံးလို့လည်း မရသေးပါဘူး။ ဈေးကွက်ထဲမှာလည်းဖြန့်ချီရောင်းချလို့မရသေးပါဘူး။ သုံးလို့ သူရဲ့အာနိသင် စိတ်ချရမှုက အာမခံချက်မရှိသေးပါဘူး။ ဒါကြောင့် ဈေးကွက်ထဲမှာရောင်းချခွင့်မရှိပါဘူး။ ရောင်းချရင်လည်းအရေးယူခံရမှာဖြစ်ပါတယ်။”လို့ ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။

အခုဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါအတွက် ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေကကြိုးစားဆောင်ရွက်နေပြီး အခုချိန်ထိ ဘယ်နိုင်ငံ၊ ဘယ်ဆေးကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေးတစ်မျိုးမျိုးမှ တတိယအဆင့်လက်တွေ့စမ်းသပ်မှု မပြီးသေးဘူးလို့ သိရကြောင်း ပြည်ထောင်စုဝန်ကြီးက ဒီနေ့ အောက်တိုဘာ (၁) ရက်မှာ ထုတ်ပြန်တဲ့ ပြည်သူ့သို့အသိပေးချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒါကြောင့် လက်ရှိအချိန်ထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသိအမှတ်ပြုထောက်ခံတဲ့ COVID-19 ကာကွယ်ဆေး မရှိသေးဘူးလို့ ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။ 

"လက်ရှိမှာ ကမ္ဘာ့နိုင်ငံတွေမှာ ဒေသတွင်း အသုံးပြုဖို့ဆိုပြီး limited use ပေးထားတာ ကာကွယ်ဆေး (၅) ခုရှိပါတယ်။ ရရှား ကာကွယ်ဆေးရယ် နောက် (၄)ခုပါ။ ကာကွယ်ဆေးတွေထိုးလို့ရပြီဆိုတဲ့ အဆင့်ထိရဖို့ဆိုတာက WHO က approval ရဖို့လိုပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်း၊ သက်ဆိုင်ရာကွမ်းကျင်တဲ့ ကာကွယ်ဆေးအဖွဲ့အစည်းတွေက ဒီအချက်တွေကို သေသေချာချာ စစ်ဆေးဆုံးဖြတ်ပြီးမှ အန္တရာယ်ဘေးကင်းလုံခြုံမှုရှိမှလက်ခံမှာဖြစ်ပါတယ်။ လက်ရှိအနေအထားအရ ကာကွယ်ဆေးဟာ လူ (၁၀၀) မှာထိုးရင် (၇၀) မှာ ကာကွယ်မှုရမှသာ ဒါဟာအစွမ်းထက်တယ်လို့ ပြောလိုရတာဖြစ်တယ်။ အနည်းဆုံးတော့ (၅၀) ရာခိုင်နူန်း ရရမှာဖြစ်ပါတယ်။ ဒါကြောင့် အခု limited approval (၅) ခုဟာ သုံးလို့မရသေးပါဘူး။ သူတို့ ဒေသတွင်းမှာပဲ ယာယီပေးတာဖြစ်ပါတယ်။ ယာယီပေးတဲ့ ကာကွယ် ဆေးဟာလည်း pandemic လို့ခေါ်တဲ့ ရောဂါကြီးတွေအတွက်ပဲ လောလောဆယ်ယာယီပေးတာဖြစ်ပါတယ်။ “လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဒါကြောင့် အရင်ဆုံး ဓာတ်ခွဲခန်းအတွင်းနဲ့ တိရစ္ဆာန်တွေ စမ်းသပ်တာလုပ်ပြီးမှ လူတွေမှာ စနစ်တကျလက်တွေ့စမ်းသပ် သုတေသန ပြုလုပ်တဲ့ အဆင့် (၃) ဆင့်ကို ဆက်လုပ်ရတာဖြစ်ပြီး အခုချိန်ထိ ဘယ်နိုင်ငံကမှ တတိယအဆင့်လက်တွေ့စမ်းသပ်မှု မပြီးသေးဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးအတွက် အသိအမှတ်ပြု လိုင်စင်ရရှိပြီး ဈေးကွက်တွေမှာ ရောင်းချပြီးနောက်မှာလည်း ဆက်လက် စောင့်ကြည့်လေ့လာမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် အချိန်ယူကာ စနစ်တကျဆောင်ရွက်ရတယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးရဲ့ ပြည်သူသို့ အသိပေးချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

“ကမ္ဘာ့နိုင်ငံတွေမှာတောင် ကာကွယ်ဆေးအတွက် ထောက်ခံချက်မရသေးတာ။ ဒီလို ကာကွယ်ဆေးဆိုပြီး ရောင်းချနေတဲ့သူတွေက ကျင့်ဝတ်အရ မလုပ်သင့်သလို ပြည်သူတွေကလည်းဝယ်ယူသုံးစွဲတာမျိုးမလုပ်သင့်ပါဘူး။အခုချိန် အကောင်းဆုံးကာကွယ်နည်းကတော့ Mask တပ်၊လက်ဆေးဖို့ပါပဲ” လို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ဗဟိုကော်မတီဝင်ဒေါက်တာ ကျော်စွာဦးက လည်း Duwun ကိုပြောပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်သည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က