ကာကွယ်ဆေးထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံက ပူးပေါင်းပါဝင်သွားမှာပါ။

အိန္ဒိယနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံက ပူးပေါင်းပါဝင်သွားမယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြနေကြပါတယ်။

အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ပူးတွဲထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းနဲ့ ထောက်ပံ့ခြင်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ကာကွယ်ဆေးတွေ ဝေငှရာမှာလည်း မြန်မာကို ဦးစားပေးလိုတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လာရောက်စဉ် ပြောကြားခဲ့တယ်လို့ သတင်းတွေ အရသိရပါတယ်။



ကမ္ဘာ့နိုင်ငံအချို့မှာ ကာကွယ်ဆေးတွေ စမ်းသပ်ထုတ်လုပ်မှုတွေမှာ အခြားနိုင်ငံတွေက အဆင့်ဆင့်ပူးပေါင်းပါဝင်ဆောင်ရွက်သလို အိန္ဒိယနိုင်ငံအနေနဲ့ ကာကွယ်ဆေးတွေ စမ်းသပ်ထုတ်လုပ်မှုအဆင့်ဆင့်တွေမှာ မြန်မာအနေနဲ့လည်း တစိတ်တပိုင်းကူညီဆောင်ရွက်သွားမယ့်အနေအထားဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက လည်းပြောပါတယ်။

“ အိန္ဒိယက ဆေးထုတ်နေတာက လူတွေကို စမ်းသပ်နေတာမရှိသေးဘူး။ အခုလောလောဆယ်လူတွေကို စမ်းသပ်တဲ့အဆင့်က ရုရှားနိုင်ငံက ထုတ်လုပ်တဲ့ကာကွယ်ဆေး (၂) ခုနဲ့ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ကာကွယ်ဆေး (၄) ခုသာရှိတယ်။ ဒီ (၆) ခုစလုံးက Limited Approval အနေနဲ့ လောလောဆယ် နိုင်ငံတွင်းပဲ ခွင့်ပြုသေးတာပေါ့။ ကာကွယ်ဆေးက ဘယ်လောက်စိတ်ချရသလဲ။ ဘယ်လောက်ပမာဏလူတွေကို ကာကွယ်နိုင်သလဲ။ အသက်အရွယ်အလိုက် ကျန်းမာတဲ့သူ၊ ကလေးတွေ၊ နောက်ခံရောဂါရှိတဲ့သူတွေကို ထိုးရင် ကာကွယ်ဆေးရဲ့ အာနိသင်ရောရှိပါမလား။ အဆင့်ဆင့်သောစမ်းသပ်မှုတွေမှာပါတယ်။ အဓိကကတော့ Clinical Phase 3 trial မှာတော့ သောင်းနဲ့ချီထိုးတဲ့ကိစ္စတွေ ရှိတယ်။ အဲဒီလိုကိစ္စမျိုးတွေမှာ တစ်ချို့နိုင်ငံတွေက ပါဝင်ဆောင်ရွက်တာမျိုးရှိတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ဒါမျိုးတွေမှာ ပါဝင်ဆောင်ရွက်ဖို့ ဆွေးနွေးတယ်လို့ ထင်ပါတယ်။ ကာကွယ်ဆေးကို သူတို့လည်းထိုး၊ ကိုယ်လည်းထိုး အဲလိုမျိုးတော့မဟုတ်ပါဘူး” လို့ ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။

အောက်တိုဘာလဆန်းပိုင်းက အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ကိုဗစ်ကုသဆေးဖြစ်တဲ့ Remdesivir ဆေးကို လှူဒါန်းမှုပြုလုပ်ရမှာ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့လည်းအိန္ဒိယနိုင်ငံရဲ့ ကာကွယ်ဆေးဖွံဖြိုးတိုးတက်မှုတွေမှာ ပါဝင်မယ်လို့လည်း မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ကြောင်း အိန္ဒိယသတင်းတွေမှာ ဖော်ပြထားတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထောက်ခံတဲ့ ကိုဗစ်ကာကွယ်ဆေးပေါ်ပေါက်လာပါက မိမိတို့နိုင်ငံရဲ့ လူဦးရေ (၂၀) ရာခိုင်နှုန်းစာကာကွယ်ဆေးတွေ ရရှိနိုင်ဖို့အတွက် Gavi,the vaccine alliance အဖွဲ့က ပံ့ပိုးပေးမှာဖြစ်တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ (၂၀) ရက်က ပြုလုပ်တဲ့ သားအိမ်ခေါင်းကာကွယ်ဆေးထိုးနှံခြင်းဗဟိုဖွင့်ပွဲအခမ်းအနားမှာ ပြောကြားထားဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က