အရေးပေါ်လိုအပ်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက်တော့ ဖြစ်နိုင်ချေရှိတယ်လို့ သိရပါတယ်။

လာမယ့် ရက်သတ္တပတ်အတွင်း UK မှာ စတင်ထိုးနှံပေးတော့မယ့် ကိုဗစ်၁၉ကာကွယ်ဆေး Pfizer ဟာ လူအများစုလက်လှမ်းမီပြီး မြန်မာနိုင်ငံတစ်ခုလုံးလွှမ်းခြုံနိုင်တဲ့ ကာကွယ်ဆေးမဖြစ်နိုင်ဘူးလို့ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က သုံးသပ်ပြောကြားလိုက်ပါတယ်။

Pfizer ကာကွယ်ဆေးက အပူချိန် အနုတ် ၁၇ ဒီဂရီဆဲစီးယပ်စ် ရှိတဲ့ အလွန်အေးခဲတဲ့ ဓာတ်ခွဲခန်းမှာ သိုလှောင်ထားရမယ့် အနေအထားဖြစ်ပြီး ဆေးတစ်လုံးရဲ့ တန်ဖိုးက အနည်းဆုံးဒေါ်လာနှစ်ဆယ်ကျသင့်မှာဖြစ်တဲ့အတွက် လူအများစု လက်လှမ်းမီနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။



" တကယ်လို့ Pfizer ဆေးကိုသာ ဒီနိုင်ငံမှာ သုံးမယ်ဆိုရင် တစ်ခုလိုအပ်တာက သူ့ကို ထိန်းသိမ်းဖို့က အနုတ် ၁၇ ဒီဂရီဆဲစီးယပ်စ်၊ အလွန်အေးခဲအောင်လုပ်ပြီး ထိန်းသိမ်းရမယ်။ အဲဒါဆိုရင်တော့ ခြောက်လလောက်ထိ ခံတယ်လို့ ပြောတယ်။ အဲဒီတော့ ဒီဆေးတွေကို ထုတ်တဲ့စက်ရုံက ဘယ်လ်ဂျီယံနိုင်ငံမှာ ရှိတယ်။အဲဒီကနေ ကိုယ့်နိုင်ငံကို သယ်လာတဲ့အခါမှာ အနုတ်၂၀ ဒီဂရီဆဲစီးယပ်စ်နဲ့ သယ်ဆောင်လာမယ် ။ ဒီနိုင်ငံမှာထားသိုဖို့ အနုတ် ၁၇ဒီဂရီထိန်းသိမ်းနိုင်တဲ့ ဓာတ်ခွဲခန်းနဲ့ ထိန်းသိမ်းရမယ် ။ လူတွေဆီကိုထိုးမယ်ဆိုရင်တော့ ၂ဒီဂရီကနေ ၈ဒီဂရီ ပုံမှန်ကာကွယ်ဆေးထိုးနေကျ ရေခဲပုံးနဲ့သယ်မယ်ဆိုရင် ငါးရက်လောက်ခံနိုင်တယ် ပြောတယ်။ ပထမဆုံးအနေနဲ့ အရေးကြီးတဲ့သူတွေ ၊ ကျန်းမာရေးဝန်ထမ်းတွေ အတွက်ကို မှာပြီးထိုးမယ်ဆိုရင် Pfizerက ဖြစ်နိုင်ပါတယ်။ဘာလို့လဲဆိုတော့ မှာထားတဲ့နိုင်ငံတွေရှိတယ်။ဈေးနှုန်းအရရောရှိတယ်။ အခု မြန်မာနိုင်ငံမှာလည်း ကျန်းမာရေးဝန်ထမ်းတွေလည်း ကူးစက်နေတာရှိတော့ သတ်မှတ်တဲ့ပမာဏတစ်ခုလောက်ကို ကျန်းမာရေးဝန်ထမ်းတွေအတွက်ကို နိုင်ငံတော်အစိုးရအနေနဲ့ အမြန်ဆုံးထိုးသင့်တယ်လို့ ဆုံးဖြတ်ပြီး Pfizer ထုတ်တဲ့ ကုမ္ပဏီနဲ့ နားလည်မှုရပြီး စာချုပ်နဲ့ပေးနိုင်တယ်ဆိုရင်တော့ ပထမအသုတ်အနေနဲ့ မြန်မာပြည်မှာ စောစောရလာနိုင်တဲ့ ကာကွယ်ဆေးဖြစ်လိမ့်မယ်။ဒါပေမယ့် လူတွေအားလုံးရရှိဖို့ကတော့ မဖြစ်နိုင်ဘူး" လို့ ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်း အတွင်းရေးမှူး ၊ အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က Duwun ကို ပြောပါတယ်။

Pfizer ကာကွယ်ဆေးက လက်ရှိအချိန်မှာ လူပေါင်းလေးသောင်းကျော်ကို စမ်းသပ်ထားချက်အရ ၉၅ရာခိုင်နှုန်း ကာကွယ်မှုရရှိနိုင်တဲ့ ကမ္ဘာ့ပထမဆုံး ကိုဗစ်၁၉ကာကွယ်ဆေးဖြစ်ပြီး ဘေးထွက်ဆိုးကျိုးရှိပေမယ့် အသက်သေဆုံးတဲ့အထိတော့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။

ဒီဆေးကို လာမယ့်ရက်သတ္တပတ်အတွင်းမှာ UK အစိုးရအနေနဲ့ ပထမဆုံးဦးစားပေးအဖြစ် ဘိုးဘွားရိပ်သာ (Care Home Residence) က ဘိုးဘွားတွေနဲ့ ဝန်ထမ်းတွေ ၊ အဲဒီနောက် မှာတော့ National Health Service (ကျန်းမာရေးဝန်ထမ်းတွေ)အားလုံးကို ထိုးနှံပေးမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးလွှမ်းခြုံနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေးအနေနဲ့ မျှော်လင့်နိုင်တဲ့ဆေးကတော့ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZenecaနဲ့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးဖြစ်တယ်လို့ ဆိုပါတယ်။

" လူအများဆုံး တစ်နိုင်ငံလုံးလက်လှမ်းမီဖို့ လွှမ်းခြုံဖို့ဆိုရင်တော့ အောက်စဖို့ဒ်တက္ကသိုလ်နဲ့ Astra Zenecaနဲ့ ပူးပေါင်းထုတ်လုပ်တဲ့ ဆေး ၊ အဲဒီဆေးက တစ်ခုကို လေးဒေါ်လာပဲကျမယ် ၊ ထိန်းသိမ်းရတာလဲ ခါတိုင်းထိုးနေကြ ဆေးတွေလိုပဲ ၂ ဒီဂရီဆဲဆီးယပ်စ်မှာ ထိန်းလို့ရတယ်။ အိန္ဒိယကလည်း ဒီ Astra Zenecaရဲ့ ကာကွယ်ဆေးတွေကို သူတို့နိုင်ငံမှာ အဆင်သင့် ထုတ်လုပ် နေတယ်ဆိုပြီး သတင်းတွေ တွေ့ရတယ်။ လူအများစု လက်လှမ်းမီတဲ့ ဆေးက AstraZenecaကထုတ်လုပ်လိုက်တဲ့ ဖော်မြူလာအတိုင်းကို အိန္ဒိယက ထုတ်တဲ့ ဆေးတွေသာ ထွက်လာမယ် ကိုယ့်တိုင်းပြည်အစိုးရကလည်း ဒါကို လက်ခံတယ် ၊ သူက safety လည်းကောင်းတယ် အကျိုးသက်ရောက်မှုလည်းရှိတယ်ဆိုရင်တော့ ဒီဆေးက လူအများစုကို လက်လှမ်းမီပြီး ထိုးပေးနိုင် မယ့်ဆေး ဖြစ်နိုင်မယ် " လို့ ဒေါက်တာမိုးအောင်ကျော်နိုင်ကဆိုပါတယ်။

 AstraZeneca ကို လက်ရှိအချိန်ထိ လူပေါင်းနှစ်သောင်းမှာ စမ်းသပ်စစ်ဆေးထားတဲ့ ရလဒ်အရ ပထမဆေးထိုးပြီးချိန်မှာ ၆၂ရာခိုင်နှုန်း ၊ ဒုတိယဆေးထိုးပြီးချိန်မှာ ၉၀ရာခိုင်နှုန်း ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ ဒီဆေးကို ရရှိနိုင်ဖို့အတွက်ကတော့ ကုမ္ပဏီရဲ့ထုတ်လုပ်မှု ၊ သက်ဆိုင်ရာနိုင်ငံရဲ့ ခွင့်ပြုမိန့်နဲ့ WHO ရဲ့ ကာကွယ်ဆေးအပေါ်သုံးသပ်ချက်တွေကို စောင့်ဆိုင်းရနိုင်ခြေကာလအပေါ်မူတည်ပြီး သုံးလခန့်ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က