ကိုဗစ်ရောဂါထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာပိုပြီးကာကွယ်ဆေးထိုးပေးနိုင်မယ့်အခြေအနေမျိုးဖြစ်နိုင်ဟုဆို

ကိုဗစ်ကာကွယ်ဆေးကို အားလုံးအတွက် လုံလောက်အောင်စီစဉ်ထားပြီး တစ်နိုင်ငံလုံးကို ထိုးပေးမှာဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ (ဒီဇင်ဘာလ ၁၁ ရက်) Covid-19 နောက်ဆုံးရ အခြေအနေကို တင်ပြတဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာဖြစ်ပြီး ကာကွယ်ဆေးထိုးနိုင်ရေးအတွက် အစီအစဉ်တွေမှာ ပါဝင်ထားပြီး ရရှိလာတဲ့ဆေးက လုံလောက်မှုမရှိပေမယ့်လည်း တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ အတိုင်ပင်ခံကပြောကြားခဲ့တာပါ။



" ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနဲ့ Gavi ဆိုတဲ့ ကာကွယ်ဆေးဆိုင်ရာ အသင်းအဖွဲ့ကြီးနဲ့ ပူးပေါင်းပြီးတော့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အစီအစဉ်လုပ်ထားတာ ရှိပါတယ်။ COVAX ဆိုတဲ့အစီအစဉ်။ အဲဒီဟာမှာ ကျွန်မတို့ကလည်း ပါဝင်ပါတယ်။ ၇ ရက်နေ့တုန်းကဆိုရင် ကာကွယ်ဆေးတွေနဲ့ ပတ်သက်လို့ အမှာစာလည်း ပို့ပြီးပါပြီ။ အဲဒါလည်း ရနိုင်မယ်လို့ သိရပါတယ်။ ဒါတွေမလုံလောက်တဲ့ဟာတွေကိုလည်း တခြားဘက်ကနေ ကျွန်မတို့ ဝယ်ပါ့မယ်။ ဒီ COVAX အစီအစဉ်နဲ့ ကျွန်မတို့လိုသလောက် အားလုံးတော့ ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံတော်ကတော့ အားလုံးအတွက် လောက်အောင်တော့ စီစဉ်ထားပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

COVAX အစီအစဉ်မှာတော့ မြန်မာနိုင်ငံက နိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းအတွက် အခမဲ့ (သို့မဟုတ်) အထူးသက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်တဲ့ နိုင်ငံပေါင်း (၉၂) နိုင်ငံမှာ ပါဝင်တာဖြစ်ပြီး အဆိုပါ ၂၀ ရာခိုင်နှုန်းအတွက် ကိုဗစ်ကာကွယ်ဆေးကိုတော့ အသုတ်လိုက်ခွဲပြီးပေးသွားမှာ ဖြစ်ပါတယ်။ နောက်ထပ်လိုအပ်တဲ့ ကာကွယ်ဆေးတွေကိုတော့ ကာကွယ်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ဝယ်ယူရမှာပါ။ 

ကာကွယ်ဆေးထိုးနိုင်ရေးအတွက်ကိုလည်း အမျိုးသားအဆင့် အကြံပေးအဖွဲ့ ဝါရင့်ကျန်းမာရေး ပညာရှင်တွေနဲ့ အဖွဲ့ဖွဲ့စည်းထားတယ်လို့သိရပါတယ် ။ ဒီအဖွဲ့အနေနဲ့ ကာကွယ်ရေး ထိုးနှံမယ့်အစီအစဉ်တွေ ကာကွယ်ဆေးကို ဘယ်လိုသိုလှောင်မလဲ ဘယ်လိုထုတ်ပေးမလဲ ဆိုတာတွေကို ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ပြီး ကာကွယ်ဆေးတွေကို တပြိုင်နက်တည်းရမှာ မဟုတ်တဲ့အတွက် ဦးစားပေးအစီအစဉ်ကိုတော့ အဘက်ဘက်က ထည့်တွက်စဉ်းစားရမယ်လို့ အတိုင်ပင်ခံက ဆိုပါတယ်။

"ဒါပေမဲ့ ကျွန်မက သတိပေးချင်တာကတော့ ဒီလိုလုပ်တဲ့နေရာမှာ နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ထည့်တွက်ရပါတယ်။ စီးပွားရေးပြန်ပြီး နလန်ထူနေတဲ့နေရာတွေကို ကျွန်မတို့ ဦးစားပေးပြီးတော့ ကာကွယ်ဆေးတွေ ထိုးသင့်ရင် ထိုးပေးရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ 

စီးပွားရေးယန္တာရားကြီး ပြန်ပြီးလည်ပတ်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီအချိန်မှာ စီးပွားရေးယန္တရားလည်ပတ်နိုင်တဲ့ ဒေသတွေ၊ ပြောချင်တာကတော့ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ထိန်းချုပ်ထားနိုင်တဲ့ ဒေသတွေမှာဆိုလို့ရှိရင် ပိုပြီး ကာကွယ်ဆေးထိုးပေးနိုင်မယ့်အခြေအနေမျိုးလည်း ဖြစ်ပေါ်လာနိုင်ပါတယ်" လို့ အတိုင်ပင်ခံက ပြောပါတယ်။

ကာကွယ်ဆေးကတော့ အားလုံးရရှိမှာဖြစ်ပြီး အားလုံးကို တစ်ချိန်တည်း ထိုးပေးနိုင်မှာမဟုတ်ဘဲ တစ်နိုင်ငံလုံးထိုးပေးဖို့ လချီကြာမှာဖြစ်တယ်လို့ သိရပါတယ်။ ဦးစားပေးအစီအစဉ်ကိုတော့ နိုင်ငံရဲ့လိုအပ်ချက်အရ လုပ်ဆောင်နိုင်တဲ့ အင်အားအရ ဆုံးဖြတ်ရမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့အတွက် ဒီအချိန်မှာ ရောဂါကာကွယ်ရေးကို အထူးဂရုစိုက်ဖို့ကိုလည်း အတိုင်ပင်ခံက ထပ်မံသတိပေးပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှာ စတင်တွေ့ရှိခဲ့တဲ့ ကိုဗစ်ရောဂါကူးစက်မှုဟာ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ကူးစက်ခံရသူစုစုပေါင်း ၁၀၅,၈၆၃ ရှိလာပြီဖြစ်ကာ ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်း ၂,၂၂၀ ဦး ရှိနေပြီ ဖြစ်ပါတယ်။



က္က