ပထမဦးစားပေးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ထိုးနှံပေးမှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ဝယ်ယူမှာဖြစ်ပြီး ကာကွယ်ဆေးဝယ်ယူရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးနေကြပြီလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာပါ။

ကာကွယ်ဆေးကို မြန်မာနိုင်ငံသား လူဦးရေ ၁၅သန်းအတွက် ဝယ်ယူနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး သဘောတူညီမှု လက်မှတ်ထိုးဖို့အတွက်လည်း အိန္ဒိယနိုင်ငံကို ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ရောက်ရှိနေပြီ ဖြစ်ပါတယ်။



" ကျွန်မတို့အနေနဲ့ အခုဆိုရင် အဓိကဦးတည်နေတာကတော့ ကာကွယ်ဆေးပေါ့။ ကာကွယ်ဆေးကို လူ(၁၅)သန်းအတွက် ဝယ်ယူဖို့ အခု ကျွန်မတို့အဖွဲ့တစ်ဖွဲ့ အိန္ဒိယနိုင်ငံမှာ ရောက်နေပါတယ်။ ဒီကာကွယ်ဆေး ဝယ်ယူရေး ကိစ္စတွေနဲ့ပတ်သက်လို့ဆိုရင် နောက်တစ်ပတ်လောက်အတွင်းမှာ တိတိကျကျ ပိုပြီးတော့ သိရပါလိမ့်မယ်။ကျွန်မတို့ဟာ ကာကွယ်ဆေး ဝယ်ယူဖို့ လက်မှတ်ထိုးပြီးပြီ၊အားလုံးအဆင်သင့်ရှိပြီးပြီဆိုတာနဲ့ မကြာခင် ကာလမှာ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေ စဖို့လည်း ကျွန်မတို့ စီစဉ်ထားပြီးပါပြီ " လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ အစီရင်ခံတင်ပြတဲ့မိန့်ခွန်းမှာ ပြောကြားလိုက်တာပါ။

ကိုဗစ်ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းတွေအတွက် ဦးစားပေးမှာယူတာ ဖြစ်ပြီး အဲဒီနောက်မှာမှ နိုင်ငံနဲ့ပြည်သူအတွက် လိုအပ်ချက်အရ လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

" ကျွန်မတို့က တစ်ဆင့်ပြီးတစ်ဆင့် ဦးစားပေးမှာဆိုတော့ ဥပမာအားဖြင့်ဆိုရင် ပထမဦးစားပေးက ကျွန်မတို့ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေပေါ့။အဲဒါပြီးတော့မှ နောက် ကျွန်မတို့ အနေနဲ့ နိုင်ငံအတွက်ရော ပြည်သူတွေအတွက်ရော လိုအပ်ချက်အရ ကျွန်မတို့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားမှာ ဖြစ်ပါတယ်။အဲဒီတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကာကွယ်ဆေးရပြီးတာနဲ့လည်း လနဲ့ချီပြီးမှ ကျွန်မတို့ တစ်တိုင်းပြည်လုံးကို ကာကွယ်ဆေးထိုးပေးလို့ ပြီးမှာပါ " လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ကိုဗစ်ကူးစက်နှုန်းက ဒီတစ်ပတ်အတွင်း ဆက်တိုက်လျော့ကျလာနေတာ ဖြစ်ပါတယ်။

ဒီလိုလျော့ကျလာတာက တိုးတက်မှုဖြစ်ပေမယ့် အလွန်ကောင်းတဲ့အခြေအနေမရောက်သေးတဲ့အတွက် အားလုံးဝိုင်းဝန်း ထိန်းချုပ်ပေးဖို့နဲ့ ထိန်းချုပ်ပေးဖို့ ကြိုးစားကြတာကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ကိုဗစ်၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိမှု ၅ရာခိုင်နှုန်းအောက် ကျဆင်းလာတာဟာ ဒီဇင်ဘာလ ၁၈ရက်က စတင်ခဲ့တာဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာလ ၂၄ရက်မှာဆိုရင် ဓာတ်ခွဲနမူနာ (၂၁,၅၁၅)ခု စစ်ဆေးခဲ့ပြီး ပိုးတွေ့လူနာ (၉၁၉)ဦးသာ တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က