မြန်မာ့လူဦးရေ (၁၅) သန်းအတွက် အိန္ဒိယနိုင်ငံက ကာကွယ်ဆေးတွေ ဝယ်ယူဖို့ မှာထားပြီ

(၂၀၂၁) ခုနှစ် မတ်လမတိုင်မီမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရှေ့တန်းမရှိမဖြစ်လုပ်သားတွေ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆွေးနွေးနေကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိမှုတွေနဲ့ ပတ်သက်ပြီး အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန တွဲဖက်အတွင်းဝန် H.E. Smt. Smita Pant တို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ South Block မှာဒီဇင်ဘာ  (၂၈) ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။



အဆိုပါ ဆွေးနွေးပွဲမှာ အိန္ဒိယအစိုးရထံကနေ နှစ်နိုင်ငံအစိုးရချင်း (G-to-G)အစီအစဉ် အရ လာမယ့်နှစ် မတ်လမတိုင်မီ ကျန်းမာရေးလုပ်သားတွေနဲ့ ရှေ့တန်းလုပ်သားတွေ ကိုဗစ်ကာကွယ်ဆေးရရှိနိုင်တဲ့အခြေအနေ၊ မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အိန္ဒိယ ဆေးကုမ္ပဏီ Serum Institute တို့အကြား နားလည်မှုစာချွန်လွှာနဲ့အညီ ဝယ်ယူထားတဲ့ ကာကွယ်ဆေးပမာဏကို သတ်မှတ်ထားတဲ့ အချိန်မှာ ရရှိနိုင်မှု တွေကို ဆွေးနွေးခဲ့ကြတာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် အိန္ဒိယမှာ ထုတ်လုပ်တဲ့ စံချိန်စံညွှန်းမီ ဈေးနှုန်း ချိုသာတဲ့ RT-PCR test machine တွေ ဝယ်ယူနိုင်မှု အခြေအနေတို့နဲ့ ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးခဲ့ကြတာပါ။

မြန်မာ့လူဦးရေ (၁၅) သန်းအတွက် အိန္ဒိယနိုင်ငံက ကာကွယ်ဆေးတွေ ဝယ်ယူဖို့ မှာထားပြီး ပထမဦးစားပေးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဖြစ်တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီဇင်ဘာ (၂၄) ရက် ထုတ်လွှင့်တဲ့ ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေနဲ့စပ်လျဉ်းပြီး ပြည်သူသို့အစီရင်ခံစာတင်ပြတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားခဲ့ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးပြီးနောက်မှာမှ နိုင်ငံအတွက်၊ပြည်သူအတွက် လိုအပ်ချက် လုပ်ဆောင်သွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ကာကွယ်ဆေးဝယ်ယူဖို့ မြန်မာကိုယ်စားလှယ်အဖွဲ့က အိန္ဒိယနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး မကြာခင်ကာလမှာ ကာကွယ်ဆေးထိုးတဲ့အစီအစဉ်တွေ စတင်တော့မယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က