အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းလှူဒါန်းမှုကြောင့် မူလလှူဒါန်းဖို့လျာထားတဲ့ ကျပ်သိန်းတစ်သောင်းထက်ကျော်လွန်သွားခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေးရံပုံငွေအတွက် အစ္စလာမ်ဘာသာဝင်တွေ စုပေါင်းကာ အလှူငွေလှူဒါန်းမှာဖြစ်ပြီး လက်ရှိအချိန်ထိ အလှူငွေ ကျပ်သိန်းပေါင်းတစ်သောင်းကျော် ကောက်ခံရရှိထားပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးထံကနေ သိရပါတယ်။

ကိုဗစ်ကာကွယ်ဆေးရံပုံငွေအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ဦးဆောင်ကာ ကျပ်သိန်းတစ်သောင်း လှူဒါန်းဖို့ လျာထားပြီး အစ္စလာမ်ဘာသာဝင်တွေကို နှိုးဆော်ခဲ့ရာ စုပေါင်းလှူဒါန်းမှုတွေကြောင့် လှူဒါန်းမယ့် ငွေပမာဏထက် ကျော်လွန်သွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းစဉ်များ ကူညီပံ့ပိုးရေးကော်မတီမှ ဦးကျော်ငြိမ်းက Duwun ကို ပြောပါတယ်။ 



“ ကိုဗစ်က နိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး ကပ်ဘေးဖြစ်နေတယ်။ ကျွန်တော်တို့တွေကလည်း နိုင်ငံသားတွေ ဖြစ်တယ်။ ဒါကို နိုင်ငံတော် အတိုင်ပင်ခံကိုယ်တိုင် ဦးဆောင်တဲ့အဖွဲ့အစည်းကနေ ကြပ်မတ်ဆောင်ရွက်တဲ့အတွက် အင်မတန်ကို ကျွန်တော်တို့ ဝိုင်းဝန်းရမယ့်ကိစ္စဖြစ်တယ်။ နိုင်ငံသားတစ်ဦးချင်းစီအနေနဲ့ ဝိုင်းဝန်းတာပါပဲ။ မည်သည့်မျှော်မှန်းချက်မှမပါဘဲ နိုင်ငံတော်ရဲ့ အရေးကိစ္စမှာ တတ်နိုင်သမျှ တစ်နိုင်တစ်ပိုင်ပါဝင်ကြတဲ့ ရည်ရွယ်ချက်သက်သက်ပါ။ “ လို့ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းစဉ်များ ကူညီပံ့ပိုးရေးကော်မတီမှ ဦးကျော်ငြိမ်းက ဆိုပါတယ်။

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေနဲ့ ရံပုံငွေ လှူဒါန်းဖို့ အတွက် အစ္စလာမ်ဘာသာဝင် ကုမ္ပဏီလုပ်ငန်းရှင်တွေကို စတင်နှိုးဆော်ခဲ့ရာ လုပ်ငန်းရှင်တစ်ဦးချင်းစီက ကျပ် သိန်း (၁၀၀) ၊ (၂၀၀) စသဖြင့် ထည့်ဝင်လာခဲ့ကြပြီး အဲဒီကတစ်ဆင့် သာမန်မိသားစုတွေပါ ထည့်ဝင်လှူဒါန်းလာခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။

“ ကျွန်တော်တို့က ဘာသာရေးအဖွဲ့ကြီးနဲ့ နီးစပ်တဲ့ ကုမ္ပဏီလုပ်ငန်းရှင်မိတ်ဆွေတွေကို ရှင်းပြနှိုးဆော်တယ်။ အဲဒီလိုနဲ့ ကုမ္ပဏီတစ်ခုစီကနေ သိန်း (၁၀၀) ၊ (၂၀၀) စသဖြင့်ထည့်လာကြတယ်။ အဲဒီလို ထည့်လာကြရာကနေ လူထုကပါ သူတို့ ထည့်ချင်ပါတယ်ဆိုပြီးတော့ ဆက်သွယ်လာကြတော့ ကျွန်တော်တို့က ဘဏ်အကောင့် (၂) ခုဖွင့်ပြီးလက်ခံလိုက်တာပါ။ အံ့အားသင့်ဖို့ကောင်းတာက သာမန်မိသားစုတွေပေါ့။ သိန်း (၂၀) ၊ (၃၀) လှူဒါန်းကြတာ တွေ့ရတယ်။ သူတို့က လုပ်ငန်းရှင်တွေမဟုတ်သလို ဘာမှ အသွေးအရောင်မရှိဘူး။ ကိုယ့်စီးပွားရေးနဲ့ ကိုယ်လုပ်ကိုင်စားသောက်ကြတဲ့သူတွေပဲ ။ ဒါပေမယ့် (၁၀) သိန်း၊ (၁၅) သိန်း စသဖြင့် သဒ္ဒါပေါက်ပြီး ဆက်သွယ်လှူဒါန်းကြတယ်" လို့ လည်း ဦးကျော်ငြိမ်းက ဆက်ပြောပါတယ်။

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအနေနဲ့ ပထမအသုတ်အဖြစ် ဇန်နဝါရီ (၂၁) ရက်အထိ နောက်ဆုံးထားကာ အလှူငွေ လက်ခံသွားမှာဖြစ်ပြီး ဇန်နဝါရီ (၂၂) ရက်မှာ အစိုးရရဲ့ ကိုဗစ်ကာကွယ်ဆေးရံပုံငွေအဖွဲ့ကို ပထမဆုံးအကြိမ်သွားရောက်လှူဒါန်းမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုဗစ်ကာကွယ်ဆေးအတွက် ထည့်ဝင်လှူဒါန်းကြဖို့ အစိုးရကကြေညာပြီးတဲ့နောက် တစ်ပတ်အတွင်း အလှူငွေပေါင်း ကျပ်သိန်းတစ်သောင်းကျော်နဲ့ ကန်ဒေါ်လာ (၂ ဒဿမ ၆) သန်းကျော်ရရှိထားတယ်လို့ လည်း ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေးရံပုံငွေဆပ်ကော်မတီက ထုတ်ပြန်ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က