မြန်မာနိုင်ငံကလူဦးရေ (၁၅) သန်းစာအတွက် ကာကွယ်ဆေးအလုံးရေ သန်း (၃၀) မှာယူထား

အိန္ဒိယနိုင်ငံကကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်း (၆) နိုင်ငံကို ပေးပို့နေတာဖြစ်ပြီး မြန်မာနိုင်ငံကိုတော့ ရှေ့အပတ်အတွင်း ရောက်ရှိဖို့ ခန့်မှန်းထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၊ ဗဟိုကူးစက်တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

CoviShield အမည်ရှိ ကိုဗစ်ကာကွယ်ဆေးတွေကို မြန်မာ၊ ဘူတန်၊ မော်လ်ဒိုက်၊ဘင်္ဂလားဒေရှ့်၊ နီပေါနဲ့ အိန္ဒိယသမုဒ္ဒရာ က ကျွန်းနိုင်ငံဖြစ်တဲ့ ဆေးရှဲလ်နိုင်ငံတွေဆီကို အိန္ဒိယအစိုးရက ပို့ဆောင်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ ဘူတန်နဲ့ မော်လ်ဒိုက်ကို ပို့ဆောင်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။



မြန်မာနိုင်ငံအနေနဲ့ လူဦးရေ (၁၅) သန်းစာအတွက် ကာကွယ်ဆေးအလုံးရေ သန်း (၃၀) မှာယူထားတာဖြစ်ပြီး ကာကွယ်ဆေးပေးပို့တဲ့အချိန်နဲ့ မြန်မာနိုင်ငံတွင်း ကာကွယ်ဆေးထိုးရေးဆိုင်ရာ လုပ်ငန်းတွေကို အချိန်ကိုက် ပြင်ဆင်ထားရတာဖြစ်တာကြောင့် ဘယ်နေ့ရောက်မလဲဆိုတာကို အတိအကျပြောနိုင်ခြင်းမရှိသေးဘူးလို့ ဒေါက်တာဒေါ်ခင်ခင်ကြီးက Duwun ကို ပြောပါတယ်။

“ ကာကွယ်ဆေးပေးပို့တဲ့အခါမှာ ကာကွယ်ဆေးထုတ်လုပ်တဲ့စက်ရုံကနေ ကာကွယ်ဆေးသယ်ဆောင်မယ့် နေရာအဆင့်ဆင့်ကို အအေးလမ်းကြောင်းမပျက်အောင်သယ်ရတယ်။ လေယာဉ်ပေါ်မှာလည်း တစ်လျှောက်လုံးတည်ငြိမ်တဲ့အအေးလမ်းကြောင်းဖြစ်အောင်သယ်ရတယ်။ ပြီးရင် သက်ဆိုင်ရာ နိုင်ငံရောက်ပြီဆိုရင် ဒီကာကွယ်ဆေးတွေ ထားသိုနိုင်အောင် အဆင့်ဆင့်ပြင်ဆင်ထားတဲ့နေရာတွေကို ချက်ချင်းပေးပို့ရတယ်။ အဲဒီကနေပြီးတော့ ကာကွယ်ဆေးထိုးနှံပေးမယ့် တိုင်းနဲ့ ပြည်နယ်တွေကို ပေးပို့ရမှာဖြစ်တာကြောင့် အစစ အရာရာ ချိတ်ဆက်ပြီး အဆင်သင့်ဖြစ်တဲ့အချိန် သူတို့ကလည်းပေးပို့တဲ့အခါမှာ ကျွန်မတို့ကလည်း အဆင့်သင့်ဖြစ်အောင် ပြင်ဆင်ထားရှိတာတွေ လုပ်ရပါတယ်။ အဲဒီတော့ ဘယ်နေ့ ရောက်မလဲဆိုတာကို အခုနေတော့ ပြောလို့ မရသေးဘူး”လို့ ဒေါက်တာဒေါ်ခင်ခင်ကြီးကဆိုပါတယ်။

ဒါပေမယ့် အိန္ဒိယ အစိုးရရဲ့ ဇန်နဝါရီလ (၁၉) ရက်ထုတ်ပြန်ချက်အရ (၂၀) ရက်ကစပြီး အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့နေပြီ ဖြစ်တာကြောင့် ရှေ့အပတ်အနည်းငယ်အတွင်း ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းရကြောင်း ဒေါက်တာဒေါ်ခင်ခင်ကြီးက ဆက်လက်ပြောပါတယ်။

ဒါ့အပြင် (၂၀၂၁) ခုနှစ် ရက် (၁၀၀) အတွင်း ဧပြီလ (၇) ရက်မတိုင်မီမှာ မြန်မာနိုင်ငံအပါအဝင်ဖွံ့ဖြိုးမှုနည်းတဲ့ COVAX အဖွဲ့ဝင် (၉၂) နိုင်ငံနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေးတွေ ပေးပို့သွားဖို့ ရှိတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားတယ်လို့ သိရပါတယ်။

“ ဒါကလည်း မကြာမီအချိန်အတွင်းမှာ ရောက်ရှိမယ်။ မကြာမီဆိုတာက ဧပြီ (၇)ရက် မတိုင်ခင်ပေါ့နော်။ ဒီထက်လည်း စောနိုင်ပါတယ်။ အဲဒီကာကွယ်ဆေးတွေ လည်း ရောက်ရှိဖို့ ရှိပါတယ်။ ဒါဆိုရင် ကျွန်မတို့ နိုင်ငံက COVAX အဖွဲ့ဝင် နိုင်ငံအနေနဲ့ ရက် (၁၀၀) အတွင်း ကာကွယ်ဆေးတွေ ရမယ်။ အိန္ဒိယကာကွယ်ဆေးကလည်း လာမယ့်အပတ်အနည်းငယ်တွင်းရောက်လာတော့မယ်” လို့ ဒေါက်တာခင်ခင်ကြီး ကပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးရရှိလာပါက ရှေ့တန်းဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုတွေကို ဦးစားပေးထိုးပေးမှာဖြစ်ပြီး လက်ရှိမှာတော့ ကာကွယ်ဆေးထိုးနှံနိုင်တဲ့ အသက် (၁၈) နှစ်အထက်လူဦးရေစာရင်းတွေကို တိုင်းနဲ့ပြည်နယ်အလိုက် စာရင်းတွေ ကောက်ခံနေတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။

Share

Loading Next Article...
က္က