ဦးစားပေးအဆင့်အနေနဲ့ ထိုးနှံပေးသွားမှာပါ။

မြန်မာနိုင်ငံကို ပထမအသုတ်ရောက်ရှိလာတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ဦးစားပေးအဆင့်အနေနဲ့ ထိုးနှံပေးရာမှာ ကျန်းမာရေးဝန်ထမ်းတွေကဦးစားပေးစာရင်းမှာပါဝင်တယ်လို့ သိရပါတယ်။

နေပြည်တော်က ကျန်းမာရေးဝန်ထမ်း (၃,၀၀၀)ကျော်ကိုလည်း လာမယ့်အပတ်မှာ ကာကွယ်ဆေးစတင်ထိုးနှံပေးမှာဖြစ်တယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ မြတ်ဝဏ္ဏစိုးက Duwun ကိုပြောပါတယ်။



“ နေပြည်တော်မှာတော့ ကျန်းမာရေးဝန်ထမ်း (၃,၀၀၀)ကျော်ရှိတယ်။ နောက်တစ်ပတ်မှာစတင်ထိုးနှံပေးပါမယ်။ ဆေးတွေကအခုရန်ကုန်မှာပဲရှိသေးတယ်။နေပြည်တော်တော့မရောက်သေးဘူး။ အစိုးရအဖွဲ့ဝင်တွေ ထိုးနှံဖို့ကိစ္စကိုတော့ အခုထ် ညွှန်ကြားတာမျိုးတော့မရှိသေးဘူး။ အားလုံးကတော့ ဆေးရောက်ပြီဆိုတာနဲ့ နောက်တစ်ပတ်ထဲပဲဖြစ်မှာပါ”လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။ 

ပထမအသုတ်အနေနဲ့ ရောက်ရှိလာတဲ့ကာကွယ်ဆေးတွေကိုတော့ ပထမဦးစားပေးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုထိုးနှံပေးမှာဖြစ်ပြီး ဒုတိယဦးစားပေးအနေနဲ့ကတော့ အစိုးရအဖွဲ့တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ထိုးနှံပေးသွားမှာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောထားပါတယ်။ 

“ ကာကွယ်ဆေးထိုးရမယ့်ထဲမှာ ကျွန်တော်တို့ပါတယ်ဆိုတာတော့သိရပြီ။ ဆေးထိုးဖို့ကိစ္စကိုတော့ အခုထိဘာညွှန်ကြားချက်မှမလာသေးပါဘူး။ လွှတ်တော်အစည်းအဝေးက ဖေဖော်ဝါရီ (၁)ရက်နေ့မှာ ကိုယ်စားလှယ်အားလုံးကိုလည်း ဒီလ (၂၃)ရက်နေ့ နောက်ဆုံးလာရောက်ပေးဖို့ညွှန်ကြားထားတော့ လွှတ်တော်ဖွင့်ရက်မတိုင်ခင်အမီဖြစ်မှာပါ”လို့ ပျဉ်းမနားမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်ကပြောပါတယ်။ 

အိန္ဒိယနိုင်ငံကလှူဒါန်းတဲ့ ပိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲက မနေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ပြီး တိုင်းနဲ့ပြည်မနယ်အသီးသီးကိုဖြန့်ဝေဖို့စီစဉ်ဆောင်ရွက်နေပါတယ်။ ဦးစားပေးထိုးနှံမယ့်အစီအစဉ်မှာ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့လည်းပါဝင်တာကြောင့် နိုင်ငံတော်အကြီးအကဲတွေကိုလည်း နောက်တစ်ပတ်ထဲမှာပဲ ထိုးနှံပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က