ဒီနေ့ ဇန်နဝါရီလ (၂၄) ရက်မှာ တိုင်း/ပြည်နယ် ကာကွယ်ဆေးသိုလှောင်ရာ အအေးခန်းတွေကို ကာကွယ်ဆေးတွေပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီ (၂၇) ရက်မှာ ကျန်းမာရေးဝန်ထမ်းတွေကို ပထမဦးစားပေးအနေနဲ့ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကို ထမဦးစားပေးအနေနဲ့ ထိုးနှံတဲ့အခါ တိုင်း/ပြည်နယ်အလိုက် ကျန်းမာရေးဝန်ထမ်းအင်အားစာရင်း၊ ဦးစီးဌာနအလိုက် ဝန်ထမ်းအင်အားစာရင်းတွေကိုလည်း ကောက်ယူထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက ဇန်နဝါရီလ (၂၃) ရက်က ပြုလုပ်တဲ့ COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဗဟိုအဆင့် မွမ်းမံဆရာဖြစ်သင်တန်းမှာ ပြောကြားခဲ့ပါတယ်။



ကောက်ယူထားတဲ့ လူဦးရေစာရင်းပေါ်မူတည်ကာဒီကနေ့ ဇန်နဝါရီလ (၂၄) ရက်မှာ တိုင်း/ပြည်နယ် ကာကွယ်ဆေးသိုလှောင်ရာ အအေးခန်းတွေကို ကာကွယ်ဆေးတွေ ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို ကာကွယ်ဆေးသယ်ယူပို့ဆောင်ခြင်း၊ ဆေးထိုးလုပ်ငန်းခြင်းတွေမှာ မလိုလားအပ်တဲ့ပြဿနာမဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးကိစ္စတွေ ဆောင်ရွက်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

ပထမအသုတ်အနေနဲ့ ဇန်နဝါရီ (၂၂) ရက်နေ့က ရောက်လာတဲ့ COVISHIELD (၁.၅) သန်းကို ရန်ကနု်မြို့ကဗဟိုကာကွယ်ဆေးသိုလှောင်ရုံအအေးခန်းမှာ သိုလှောင်ထားပြီး ရဲတပ်ဖွဲ့ လုံခြုံရေးအစီအစဉ်နဲ့ထားရှိထားတယ်လို့လည်း သိရပါတယ်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း ကိုဗစ်ကာကွယ်ဆေးက အသစ်ဖြစ်သောကြောင့် လုပ်ငန်းလမ်းညွှန်တွေကို နောက်ထပ် ထပ်မံတွေ့ရှိလာမည့် အကြောင်းအရာတွေနဲ့ အချက်အလက်တွေရှိပါက ထပ်မံမွမ်းမံဖြည့်စွက်သွားဖို့ကိုလည်း ပြောကြားခဲ့ပါတယ်။

ဒ့ါအပြင် ကမ္ဘာတစ်ဝန်းမှာ ထိုးနှံနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေက ဓာတ်ခွဲခန်းနဲ့ သုတေသနလေ့လာစမ်းသပ်ရာမှာ စွမ်းရည်ထက်မြက်မှု ရှိတယ်ဆိုတာ သိရသေးပြီး လက်တွေ့မှာ ဘယ်လောက် စွမ်းရည်ထက်မြက်တဲ့ အတိုင်းအထာကို ဆက်လက်လေ့လာနေဆဲဖြစ်ကြောင်း၊ကိုဗစ် ကာကွယ်ဆေးကို (၂) ကြိမ်ထိုးနှံပြီးနောက် ရောဂါကာကွယ်မှုစွမ်းရည်မည်မျှရှိမည်၊ ကာကွယ်နိုင်သည့် အချိန်ကာလအတိုင်းအတာမည်မျှရှိမည်စသည့် အချက်တွေကို ဆက်လက် လေ့လာနေဆဲဖြစ်ပါကြောင်း၊ ယခုရရှိသည့် သတင်းများအရ ကိုဗစ် ကာကွယ်ဆေးတွေက စွမ်းရည်ထက်မြက်တယ်လို့သိရကြောင်း ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

ဒါကြောင့် COVID-19 ကာကွယ်ဆေးထိုးနှံပြီးသူဖြစ်စေ၊ မထိုးနှံရသေးသူဖြစ်စေ ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်ပြီးတိကျစွာ မဖြစ်မနေလိုက်နာကျင့်သုံးနေရမယ်လို့လည်း သတိပေးပြောကြားထားတာပါ။

COVID-19 ကာကွယ်ဆေးစတင်ထိုးနှံရာမှာလည်း တိုင်း/ ပြည်နယ် အလိုက် ထိုးနှံရမယ့် လူအရေအတွက်၊ လမ်းပန်းဆက်သွယ်ရေးအနေအထား၊ လုံခြုံရေးအနေအထား တွေကြောင့် ထိုးနှံရက်အတိုင်းအတာက နေရာဒေသတစ်ခုနှင့် တစ်ခုမတူညီနိုင်တာကြောင့် သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးတွေက ဆောင်ရွက်မယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်ကာကွယ်ဆေးထိုးခြင်း သင်တန်းမှာ ပြောကြားခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံရာမှာလည်း လူစုလူဝေးမဖြစ်အောင် ထိုးနှံရမည့် လူဦးရေများပြားတဲ့ နေရာတွေမှာ နေ့ရက်နဲ့ အချိန်ခွဲကာ ဆောင်ရွက်တာတွေနဲ့ ကာကွယ်ဆေးထိုးစုရပ်တွေကို စနစ်တကျပြင်ဆင်ဖို့ကိုလည်း ညွှန်ကြားထားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က