နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ဝယ်ယူထားတဲ့ အိန္ဒိယ ကိုဗစ်ကာကွယ်ဆေးသန်း (၃၀) အနက် ကနဦးအနေနဲ့ ဖေဖော်ဝါရီ ပထမပတ်အတွင်း (၂) သန်းခန့် ရောက်ရှိလာမှာပါ။
Mi Thawdar Aung

ဖေဖော်ဝါရီလ ပထမပတ်အတွင်း အိန္ဒိယနိုင်ငံကဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေး (၂) သန်း ရောက်ရှိမှာဖြစ်ပြီး ဖေဖော်ဝါရီလ (၅) ရက်မှာ ပြည်သူတွေကို ထိုးနှံပေးမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ ဇန်နဝါရီ (၂၆) ရက် ညပိုင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်ဘဏ္ဍာငွေနဲ့ COVISHIELD ကာကွယ်ဆေးအကြိမ်အရေအတွက် သန်း (၃၀) ဝယ်ယူထားရာမှာ ကနဦးအနေနဲ့ (၂) သန်းခန့် ရောက်ရှိလာမှာဖြစ်ပြီး နိုင်ငံတစ်ဝန်း ကိုဗစ်ကာကွယ်ဆေးထိုးနှံတဲ့လုပ်ငန်းကို ဖေဖော်ဝါရီ (၅) ရက်နေ့မှာ စတင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံရာမှာ ပြည်ထောင်စုအဆင့်၊ တိုင်း/ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်တွေက ပြည်သူတွေနဲ့ အတူ စတင် ထိုးနှံသွားမှာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။



ပြည်သူတွေ ကာကွယ်ဆေးထိုးနှံရာမှာ Stay Home အကျုံးဝင်တဲ့ မြို့နယ်တွေမှာ နေထိုင်ပြီး အသက်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေနဲ့ ရောဂါရဖို့ လွယ်ကူတဲ့ လူအုပ်စုတွေကို ဦးစားပေး ထိုးနှံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကာကွယ်ဆေး ရရှိမှု အရေအတွက်ပေါ်မူတည်ပြီး Stay Home အကျုံးဝင်တဲ့ မြို့နယ်တွေမှာနေထိုင်တဲ့ မြို့နယ်တွေထဲကမှ ကူးစက်ဖြစ်ပွားမှု များပြားတဲ့ မြို့နယ်တွေ၊ နေရာဒေသတွေကို ဦးစားပေးရွေးချယ်ထိုးနှံပေးသွားမယ်လို့လည်း သိရပါတယ်။

ဆက်လက်ရရှိလာမယ့် ကာကွယ်ဆေးအရေအတွက်ပေါ် မူတည်ပြီးတော့ ကျန်လူအုပ်စုတွေကို ဦးစားပေးအစီအစဉ်အလိုက် ဆက်တိုက်ထိုးနှံပေးသွားမယ်လို့လည်း ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ COVAX Facility ကာကွယ်ဆေးတွေလည်း မတ်လမှာ စပြီး ရောက်ရှိလာမှာဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေလည်း ဧပြီလက စတင်ကာ လစဉ် အသုတ်လိုက် ဆက်လက် ရောက်ရှိသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရ ချစ်ကြည်ရင်းနှီးမှုအရ ပေးအပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေး (၁ ဒဿမ ၅) သန်းနဲ့ ဇန်နဝါရီ (၂၇) ရက်မှာ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကို စတင်ထိုးနှံပေးသွားမယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။ ဇန်နဝါရီ (၂၉) မှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဇန်နဝါရီ (၃၀) မှာတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေကို အသီးသီးထိုးနှံပေးသွားမှာဖြစ်တယ်လို့လည်း ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က