တစ်နိုင်ငံလုံးကကျန်းမာရေးဝန်ထမ်း (၃၀,၅၅၁) ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

ကာကွယ်ဆေးတစ်လုံးကို (၁၀) ဦးစာ ထိုးနိုင်တာကြောင့် ရန်ကုန်တိုင်းက ကျန်းမာရေးဝန်ထမ်း (၂၅,၄၅၉) ဦးစာအတွက် ကာကွယ်ဆေး (၂,၈၅၈) လုံး ခွဲတမ်း အလုံအလောက်ရရှိထားပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ (၂၇) ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာပြုလုပ်တဲ့ ရန်ကုန်တိုင်းအတွင်းကျန်းမာရေးဝန်ထမ်းတွေကို ပထမဆုံးကိုဗစ်ကာကွယ်ဆေးထိုးနှံပေးတဲ့အခမ်းအနားမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။



“ ဆေးတစ်လုံးကို 10 dose ပါပါတယ်။ ဆယ်ယောက်စာပေါ့။ ရန်ကုန်တိုင်းအတွက်က ဆေးအလုံးရေ (၂,၈၅၈) လုံးရောက်ထားတယ်။ ရန်ကုန်တိုင်းမှာ ကျန်းမာရေးစုစုပေါင်း (၂၅,၄၅၉) ဦးရှိပါတယ်။ ရန်ကုန်တိုင်းက ကျန်းမာရေးဝန်ထမ်းအားလုံးအတွက် ကာကွယ်ဆေးအလုံအလောက်ရထားပြီးပါပြီ” လို့ ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။

ဓာတ်ပုံ- ဇန်နဝါရီ (၂၇) ရက်မှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးပထမဆုံးထိုးနှံပေးစဉ်။

ရန်ကုန်တိုင်းက ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၂၅,၄၅၉) ဦးအနက် ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှာ လက်ရှိစာရင်းအရ ကျန်းမာရေးဝန်ထမ်းအင်အား (၇,၈၉၈) ဦးရှိပြီး ကာကွယ်ဆေးအလုံးရေ (၉၁၃) လုံးလိုအပ်တာဖြစ်တယ်လို့လည်း ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။ ဒါ့အပြင် ဆေးရုံကြီးတွေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနတွေက ကျန်းမာရေးဝန်ထမ်းအင်အား (၁၇,၅၆၁) ဦးရှိပြီး အဆိုပါ ဝန်ထမ်းတွေ အတွက် (၁၉၉၅) လုံးလိုအပ်တယ်လို့လည်း သိရပါတယ်။

ပြည်သူတွေကို ကာကွယ်ဆေးထိုးနှံပေးဖို့ကိုလည်း လက်ရှိ မြို့နယ်၊ ရပ်ကွက်တွေမှာ စာရင်းတွေ လိုက်လံကောက်ခံနေတာဖြစ်ပြီး အသက် (၁၈) နှစ်အထက် လူစာရင်းတွေကို သက်ဆိုင်ရာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက ဦးဆောင်ကောက်ခံနေကာ အားလုံးကို ထိုးနှံပေးဖို့ ကောက်ခံတာဖြစ်တယ်လို့လည်း ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။ လူစာရင်းတွေကို ဦးစားပေးထိုးနှံရမယ့် စာရင်းအလိုက် ခွဲခြားကောက်ခံနေပြီး ဘယ်အချိန်ကာလမှာ ထိုးနှံမလဲဆိုတာကို တိတိကျကျ မပြောနိုင်သေးဘဲ ကာကွယ်ဆေးရရှိတဲ့ အပေါ် မူတည်တယ်လို့လည်း သိရပါတယ်။

တစ်နိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်းတွေကို ဇန်နဝါရီလ (၂၇) ရက်မှာ ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့တာဖြစ်ပြီး ဇန်နဝါရီလ (၂၇) ရက် ညနေပိုင်းအထိ စာရင်းတွေအရ ကျန်းမာရေးဝန်ထမ်း (၃၀,၅၅၁) ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်တယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။



က္က