မြို့တော်ဝန်ရဲ့နှလုံးကို အထိမ်းအမှတ် ရေပန်းတစ်ခုထဲမှာ မြှုပ်နှံထားခဲ့တာ ရာစုနှစ်တစ်ခုကျော် ကြာခဲ့ပြီဖြစ်ပါတယ်။
Ko John

ဘယ်လ်ဂျီယံနိုင်ငံအရှေ့ပိုင်း ဗာဗီရာစ်မြို့ရှိ အထိမ်းအမှတ်နေရာ ရေပန်းတစ်ခုထဲမှာ မြှုပ်နှံထားခဲ့တာ ရာစုနှစ်တစ်ခုကျော် ကြာခဲ့ပြီဖြစ်တဲ့ ပထမဆုံးမြို့တော်ဝန်ရဲ့ နှလုံးကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

(Photo: Ville de Verviers/Facebook)

ပထမဆုံး ဗာဗီရာစ်မြို့တော်ဝန်ရဲ့ နှလုံးကို အခေါင်းငယ်လေးတစ်ခုအတွင်း အရက်အိုးထဲမှာ ထည့်သွင်းပိတ်ထားခဲ့ပါတယ်။ မြို့တော်ဝန်ရဲ့နှလုံး ထည့်သွင်းထားတဲ့ အခေါင်းငယ်လေးကို ရေပန်းနေရာကို ပြုပြင်‌ဆောက်လုပ်စဥ်အတွင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ အဆိုပါ အခေါင်းငယ်ကို ဗာဗီရာစ်မြို့ရှိ Museum of Fine Arts ပြတိုက်မှာ ထားရှိပြသထားကြောင်း သိရပါတယ်။

ဗာဗီရာစ်မြို့ရဲ့ ပထမဆုံးမြို့တော်ဝန်ဖြစ်သူ ပီယာရီဒေးဗစ် (Pierre David) ဟာ ၁၈၃၉ ခုနှစ် ကွယ်လွန်ခဲ့တာဖြစ်ပေမဲ့ ၎င်းရဲ့အမည်ဖြင့် အထိမ်းအမှတ်အဖြစ် တည်ဆောက်ထားတဲ့ ရေပန်းနေရာကိုတော့ ၁၈၈၃ ခုနှစ်ကျမှသာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အခေါင်းငယ်ပေါ်မှာ စာထွင်းရေးသားထားမှုအရ ပီယာရီဒေးဗစ်ရဲ့ နှလုံးကို အထိမ်းအမှတ် ရေပန်းနေရာမှာ ထိုစဥ်က ထားရှိမြှုပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Ville de Verviers/Facebook)

၁၈၈၃ ခုနှစ် ဇွန် ၂၅ ရက်နေ့မှာ ပီယာရီဒေဗစ်ရဲ့ နှလုံးကို အထိမ်းအမှတ်နေရာထဲမှာ ထားရှိခဲ့ကြောင်း အခေါင်းငယ်ပေါ်မှာ မှတ်တမ်းရေးထိုးထားခဲ့ပါတယ်။ မြို့တော်ဝန်ပီယာရီရဲ့နှလုံး ထည့်သွင်းထားခဲ့တဲ့ အခေါင်းငယ်ကို ရေးပန်းရဲ့အပေါ်ဘက်ပိုင်း ၎င်းရဲ့ ကိုယ်တစ်ပိုင်းပုံ ရုပ်တုအနီး ကျောက်တုံးတစ်တုံးရဲ့ အနောက်ဘက်မှာ တွေ့ရှိခဲ့ရပါတယ်။

ထိုကျောက်တုံးကို ရေပန်းပြုပြင်တည်ဆောက်စဥ် ဖယ်ရှားခဲ့ရာမှ အခေါင်းငယ်ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဘယ်လ်ဂျီယံအခြေစိုက် RTBF သတင်းဌာနရဲ့ အဆိုအရ ဆောက်လုပ်ရေးသမားတွေက ဩဂုတ် ၂၀ ရက်နေ့မှာ အခေါင်းငယ်ကို လုံးဝ အကောင်းပကတိ အခြေအနေနဲ့ တွေ့ရှိခဲ့ကြကြောင်း သိရပါတယ်။

(Photo: Ville de Verviers/Facebook)

ဗာဗီရာစ်မြို့ရဲ့ ပထမဆုံးမြို့တော်ဝန် ပီယာရီဟာ ၎င်းရဲ့ အသက် ၆၈ နှစ်အရွယ် ၁၈၃၉ ခုနှစ် ဆောင်းဦးရာသီမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ မြို့အာဏာပိုင်တွေက ပီယာရီကို ဂုဏ်ပြုမှုရန် အထိမ်းအမှတ်နေရာတစ်ခု တည်ဆောက်ရေးအတွက် ရန်ပုံငွေ ကောက်ခံစုဆောင်းခဲ့ကြပြီး ၎င်းရဲ့နှလုံးကို ထိုအထိမ်းအမှတ်နေရာမှာထားရှိရန် မိသားစု သဘောတူခွင့်ပြုချက်ဖြင့် ခွဲစိတ်ထုတ်ယူခဲ့တယ်လို့ ဆိုပါတယ်။

ထိုစဥ်က မြို့တော်ဝန်ပီယာရီအတွက် အထိမ်းအမှတ်နေရာ တည်ဆောက်ရေး လုံလောက်တဲ့ ငွေစုဆောင်းရရှိရန် ဆယ်စုနှစ်များ ကြာမြင့်ခဲ့ပါတယ်။ ဒါ့အပြင် မြို့ရဲ့ ပထမဆုံးမြို့တော်ဝန်ကို အကောင်ဆုံး ဂုဏ်ပြုရန်အစီအစဥ်အပေါ် အငြင်းအခုံများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

ပီယာရီဒေးဗစ်ဆိုတာ?

ဗာဗီရာစ်မြို့ရဲ့ ပထမဆုံးမြို့တော်ဝန်ဖြစ်ခဲ့သူ ပီယာရီဒေးဗစ်ဟာ ၁၈၃၀ ခုနှစ်မှာ ဘယ်လ်ဂျီယံကို လွတ်လပ်တဲ့နိုင်ငံအဖြစ် တည်ထောင်ခဲ့ချိန် အပါအဝင် မတည်မငြိမ်မှုတွေ ပေါ်ပေါက်နေတဲ့ အချိန်ကာလတစ်လျှောက် ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ၎င်းဟာ ၁၈၀၀-၁၈၀၈ ခုနှစ်အတွင်း ဗာဗီရာစ်မြို့တော်ဝန်အဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုစဥ်က ဘယ်လ်ဂျီယံကို ပြင်သစ်က အုပ်ချုပ်ခဲ့ပါတယ်။

ထို့နောက် ၁၈၃၀ ခုနှစ်မှာ ဘယ်လ်ဂျီယံ လွတ်လပ်ရေးရပြီးနောက် ထိုနှစ်မှာပင် ပီယာရီဟာ ဗာဗီရာစ်မြို့ရဲ့ မြို့တော်ဝန်အဖြစ် နောက်တစ်ကြိမ် ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။ မြို့တော်ဝန်ပီယာရီရဲ့ လုပ်ဆောင်ချက်တွေအနက် အသိအမှတ်ပြုကြပြီး သတိတရရှိနေကြတာကတော့ ဗာဗီရာစ်မြို့မှာ ၁၈၀၂ ခုနှစ်အတွင်း မီးသတ်ဌာန ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

(Photo: Ville de Verviers/Facebook)

ထိုခေတ်ကာလမှာ မီးသတ်ဌာန ဖွဲ့စည်းတည်ထောင်မှုဟာ ရှားပါးတဲ့ ဆန်းသစ်ပြောင်းလဲမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ မြို့တော်ဝန်ပီယာရီဟာ ပြင်သစ်တော်လှန်ရေး အတွေးအခေါ်ကို အားပေးထောက်ခံသူ ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ဒတ်ချ်အုပ်ချုပ်မှုကာလတစ်လျှောက် ၁၈၁၅ ခုနှစ်မှ ၁၈၃၀ ခုနှစ်အထိ ဖြတ်သန်းနေထိုင်ခဲ့ပါတယ်။ ၁၈၃၀ ခုနှစ်မှာ ဆူပူအုံကြွမှုအတွင်း ဗာဗီရာစ်မြို့ဟာ ဆိုးရွားစွာ ထိခိုက်ပျက်စီးခဲ့ပြီး မြို့ကို တရားဥပဒေ ပြန်လည်စိုးမိုးစေရန် ပီယာရီက တာဝန်ယူဆောင်ရွက်ခဲ့ရာ ၎င်းဟာ မြို့ခံတွေရဲ့ အကြီးအကျယ် လေးစားမှုရခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က