လီဗာပူးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေက ကစားသမားတွေအပြင် အသင်းဖော် ဗန်ဒိုက်ကိုပါ ကျော်ဖြတ်ပြီး FSF က မဲပေးရွေးချယ်တဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ Football Supporters' Federation က ပြုလုပ်တဲ့ မဲပေးရွေးချယ်မှုမှာ မိုဟာမက်ဆာလာဟာ ပရိသတ်ဦးရေ ၃၆၆၀၀၀ ရဲ့မဲပေးရွေးချယ်မှုအရ ပထမရရှိခဲ့တာဖြစ်ပါတယ်။
Photos: Goal
အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဟာမက်ဆာလာဟာ ပြီးခဲ့တဲ့ရာသီက လီဗာပူးအသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့ပြီး ယခုရာသီမှာလည်း ပွဲပေါင်း ၂၀ ကစားပြီး ၉ ဂိုးအထိ သွင်းယူထားတဲ့ကစားသမားဖြစ်ပါတယ်။
ဘလွန်းဒီအော်ဆုပေးပွဲနဲ့ တစ်ရက်ထဲမှာပဲ FSF ရဲ့ ဆုရရှိကြောင်း ကြေညာခဲ့တာဖြစ်ပြီး မိုဟာမက်ဆာလာဟာ ဘလွန်းဒီအော်အဆင့်ရပ်တည်မှုမှာ မက်ဆီရဲ့ နောက် အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
FSF က တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် မဲဆန္ဒကောက်ခံခဲ့ရာမှာ ပရိသတ်ပေါင်း ၃၆၆၀၀၀ မဲပေးခဲ့ကြပြီး မိုဟာမက်ဆာလာက အဂူရို၊ ဟာဇက်၊ စတားလင်း၊ ဟယ်ရီမက်ဂွိုင်းရားနဲ့ လီဗာပူးအသင်းဖော် ဗန်ဒိုက်တို့ကို ကျော်ဖြတ်ပြီး တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။
Photos: Goal
"ဒီဆုအတွက် ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့တာမို့လို့ပါ"
"ပုံမှန်အားဖြင့် ဘယ်ဆုကိုမဆို ကျွန်တော့်အသင်းဖော်တွေနဲ့ လီဗာပူးအသင်းမှာရှိတဲ့ ဝန်ထမ်းတိုင်းနဲ့ မျှဝေလေ့ရှိပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ မယုံကြည်နိုင်စရာအားပေးထောက်ခံခဲ့ကြတဲ့ လီဗာပူးအသင်း ပရိသတ်တွေကို ရည်ညွှန်းချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
မိုဟာမက်ဆာလာဟာ FSF ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို တတိယမြောက်ရရှိတဲ့ကစားသမားဖြစ်ပြီး FSF ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၂၀၁၃ ခုနှစ်ကနေ စတင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံး ဆုရရှိခဲ့တဲ့ ကစားသမားကတော့ လီဗာပူးအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသခဲ့တဲ့ လူးဝစ္စဆွာရက်ဇ်ဖြစ်ပြီး ဒုတိယရရှိခဲ့သူကတော့ ကော်တင်ဟိုဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ စပါးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းက ရရှိခဲ့တာဖြစ်ပြီး မိုဟာမက်ဆာလာက ၎င်းရဲ့ပစ်မှတ်ဟာ ပြီးခဲ့တဲ့ရာသီက ဂိုးသွင်းစံချိန်ကို ချိုးဖျက်ဖို့နဲ့ အသင်းနဲ့အတူဆုဖလားရယူဖို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Share