လီဗာပူးနောက်ခံကစားသမား ဗန်ဒိုက်ဟာ တစ်ကယ်လို့ လာမယ့်ဇွန်လမှာ လီဗာပူးအသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၂ နှစ်ဆက်တိုက် ရှုံးနိမ့်ခဲ့မယ်ဆိုရင် အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုနိုင်ကြောင်း BBC ဘောလုံးရေးရာကျွမ်းကျင်သူ ဂါတ်ခရွတ်ခ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဗန်ဒိုက်ဟာ အကြီးမားဆုံးဆုတံဆိပ်တွေကို ရယူဖို့အတွက် အန်းဖီးလ်မှာ ကပ်တွယ်နေမယ့်သူမျိုး မဟုတ်ကြောင်း ခရွတ်ခ်က ယုံကြည်နေတာဖြစ်ပါတယ်။ ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ လီဗာပူးအသင်းကို ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
ဗန်ဒိုက်ဟာ လီဗာပူးအသင်းအတွက် ပွဲစဉ်တိုင်း တည်ငြိမ်တဲ့ခြေစွမ်း ပြသနိုင်ခဲ့တာကြောင့် ယခုရာသီပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ PFA ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတွေကို သိမ်းပိုက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်ဇွန်လ ၁ ရက်နေ့မှာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ အက်သလက်တီ မက်ဒရစ်အသင်းအိမ်ကွင်း ဝမ်ဒါမက်ထရိုပိုလီတာနိုကွင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားမှာပါ။
လီဗာပူးအသင်း နောက်ဆုံးရရှိထားတဲ့ ဆုဖလားဟာ ၂၀၁၂ ခုနှစ်က ကာဒစ်စီးတီးအသင်းကို လိဂ်ဖလားဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဗန်ဒိုက်ဟာ လီဗာပူးအသင်း နောက်ထပ်ဗိုလ်လုပွဲကို ရှုံးနိမ့်ခဲ့မယ်ဆိုရင် အသင်းကနေ ထွက်ခွာလိမ့်မယ်လို့ ခရွတ်ခ်က ယုံကြည်နေတာဖြစ်ပါတယ်။
“ဒီရာသီ ဗန်ဒိုက်ရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြဖို့အတွက် အမြင့်ဆုံးစကားလုံးတွေ ကျွန်တော့်ဆီမှာ ကုန်လုနီးပါးဖြစ်နေပါပြီ။ ဗန်ဒိုက် လီဗာပူးအသင်းရဲ့ခံစစ်ကို ယူဆောင်လာတဲ့အရာတွေက ဖော်ပြဖို့တောင် မဖြစ်နိုုင်ပါဘူး။ ဒါပေမယ့် ကျွန်တော် ခံစားမိတာက တကယ်လို့ လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလားကို မဆွတ်ခူးနိုင်ခဲ့ဘူးဆိုရင် အတိအကျဆိုလိုတာမဟုတ်ပေမယ့် ဗန်ဒိုက် ထွက်ခွာမှုကို ပိုမိုမြန်ဆန်စေမှာပါ။ သူ့ရဲ့ကစားသမားအဆင့်အတန်းက ကမ္ဘာပေါ်က အကောင်းဆုံးအသင်းမှာ ကစားဖို့အတွက် လိုအပ်နေတဲ့အဆင့်အတန်းပါ”လို့ BBC ကို ပြောကြားခဲ့ပါတယ်။