ကစားသမားရဲ့အေးဂျင့်က အတည်ပြုခဲ့ပြီဖြစ်ပါတယ်။
Pyae Phyo Thein

ကစားသမားကလည်း အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်တယ်လို့ ပြောဆိုထားပြီးနောက်မှာ ရွိုင်အိုလာကလည်း အတည်ပြုပြောလာခဲ့တာကြောင့် ပေါ့ဂ်ဘာဟာ ယူနိုက်တက်ကို သေချာပေါက် စွန့်ခွာသွားဖွယ်ရှိနေပါပြီ။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူပေါ့ဂ်ဘာရဲ့ အေးဂျင့်ရွိုင်အိုလာက သူ့ရဲ့ကစားသမားဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်နေတယ်လို့ အတည်ပြုပြောခဲ့ပါတယ်။ The Times သတင်းစာနဲ့ တွေ့ဆုံမှုမှာ ရွိုင်အိုလာက ပြောဆိုခဲ့တာဖြစ်ပြီး သူ့ကစားသမား အသင်းပြောင်းရွှေ့နိုင်ဖို့အတွက်လည်း ဆောင်ရွက်နေတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။



၂၀၁၆ ခုနှစ်မှာ ပေါ့ဂ်ဘာကို ဂျူဗင်တပ်စ်ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်ဖို့ ကမ္ဘာ့စံချိန်တင်အပြောင်းအရွှေ့ကို ရွိုင်အိုလာက ဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ကစားသမားကလည်း အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်တယ်လို့ ပြောဆိုထားပြီးနောက်မှာ ရွိုင်အိုလာရဲ့ အတည်ပြုပြောဆိုမှုလည်း ရှိလာခဲ့ပြီဖြစ်လို့ ပေါ့ဂ်ဘာက ယူနိုက်တက်ကို သေချာပေါက်စွန့်ခွာသွားဖွယ်ရှိနေပါပြီ။

"ပေါလ်ရဲ့ ဆန္ဒက ဘာလဲဆိုတာ အားလုံးသိကြမှာပါ၊ ဒီလိုဖြစ်လာဖို့လည်း ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်၊ ယူနိုက်တက်နည်းပြ၊ အသင်းပိုင်ရှင်တွေကလည်းက ပေါလ်ဖြစ်ချင်တာကို သူတို့သိထားကြပါတယ်" လို့ ရွိုင်အိုလာက ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ ပေါ့ဂ်ဘာက အားလပ်ရက်ခရီးကနေ ပြန်ရောက်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ရာသီကြိုပွဲစဉ်တွေအတွက် ပေါ့ဂ်ဘာဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းကို လာရောက်ပူးပေါင်းရတော့မှာလည်း ဖြစ်ပါတယ်။ သတင်းများရဲ့အဆိုအရ ပေါ့ဂ်ဘာအနေနဲ့ ပြန်လည်ရောက်ရှိချိန်မှာပဲ အသင်းကနေထွက်ခွာခွင့် တောင်းခံသွားဖွယ်လည်း ရှိနေပြီး ယူနိုက်တက်အနေနဲ့ သူတို့ရဲ့ အားထားရတဲ့ကွင်းလယ်လူအနာဂတ်ကို အဆုံးအဖြတ်ပေးရတော့မှာပါ။

ပြီးခဲ့တဲ့ရာသီမှာ ပေါ့ဂ်ဘာက ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ အသင်းအတွက် သွင်းဂိုးအများအပြား သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်ပေးနိုင်ခဲ့ပေမယ့်လည်း သူ့အပေါ်ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ ရာသီကုန်ဆုံးခါနီးပွဲစဉ်တွေမှာ ခြေစွမ်းမပြနိုင်ခဲ့လို့ ပရိသတ်တချို့က ပေါ့ဂ်ဘာကို အော်ဟစ်ဆဲဆိုခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က