စပါးအသင်းက ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ယနေ့ည ၉ နာရီ ၃၀ မိနစ်အချိန်မှာ တစ်ချိန်တည်း ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးနဲ့ နယူးကာဆယ်၊ တော့တင်ဟမ်ဟော့စပါးနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့သလို တော့တင်ဟမ်ဟော့စပါးအသင်းကလည်း ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အသင်းပီပီ ပွဲစတင်ကတည်းက နယူးကာဆယ်အသင်းကို တစ်ဖက်သတ်ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပြီး ၁၁ မိနစ်မှာ ထောင့်ကန်ဘောကနေတစ်ဆင့် ပြန်လျှံထွက်လာတဲ့ဘောလုံးကို လော့ဗ်ရန်က ပိတ်သွင်းယူပြီး လီဗာပူးအသင်း အဖွင့်ဂိုး ရရှိခဲ့ပါတယ်။



ဒုတိယပိုင်းပြန်လည်စတင်ပြီး ၂ မိနစ်အကြာမှာပဲ လီဗာပူးအသင်း ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး မိုဟာမက်ဆာလာက အမှားအယွင်းမရှိကန်သွင်းယူပြီး လီဗာပူးအသင်း ဒုတိယမြောက်ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ အိမ်ရှင်လီဗာပူးကို ဘယ်လိုမှ ယှဉ်ပြိုင်ကစားနိုင်ခဲ့ခြင်းမရှိဘဲ ပွဲစဉ်တစ်လျှောက်လုံး ၂ ကြိမ်သာ ဂိုးပေါက်ကန်သွင်းမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ ၇၉ မိနစ်မှာ ရှာကွီရီက အာနိုးလ်ရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် လီဗာပူးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

၈၅ မိနစ်မှာ ဖေဘင်ဟိုက မိုဟာမက်ဆာလာရဲ့ ပေးပို့မှုကို အဆုံးသတ်ပြီး လီဗာပူးအသင်း ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ဘုန်းမောက်အသင်းတို့ရဲ့ပွဲစဉ်မှာလည်း တော့တင်ဟမ်ဟော့စပါးအသင်းက ၅ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ပထမပိုင်း ၁၆ မိနစ်မှာ ဝေါ်ကာပီတာရဲ့ပေးပို့မှုကနေတစ်ဆင့် အဲရစ်ဆင်က အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ၂၃ မိနစ်မှာ ဝေါ်ကာပီတာရဲ့ပေးပို့မှုကနေပဲ ဆွန်ဟောင်မင်က ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

၃၅ မိနစ်မှာ ဝေါ်ကာပီတာရဲ့ဖန်တီးပေးပို့မှုကနေပဲ လူးကပ်စ်မိုရာက စပါးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ အိမ်ရှင်စပါးအသင်းကပဲ ဆက်လက်ဦးဆောင်ခဲ့ပြီး ၆၁ မိနစ်မှာ ဟယ်ရီကိန်းက အဲရစ်ဆင်ရဲ့ပေးပို့မှုကနေတစ်ဆင့် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

မိနစ် ၇၀ မှာ လူးကပ်စ်မိုရာရဲ့ကန်သွင်းမှုကို ဘုန်းမောက်အသင်းဂိုးသမား ဘီဂိုဗစ်ပုတ်ထုတ်ရာကနေ ပြန်လျှံထွက်လာတဲ့ဘောလုံးကို ဆွန်ဟောင်မင်က အပိုင်ပိတ်သွင်းယူပြီး ဘုန်းမောက်အသင်းကို တော့တင်ဟမ်ဟော့စပါးအသင်းက ၅ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က