လီဗာပူးလ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ လုပ်ရပ်တစ်ခုကြောင့် အခက်တွေ့နေရတဲ့ ကိန်းဆိုက်နေပါတယ်။ အဲဒါကတော့ အသင်းရဲ့ ကစားသမားဟောင်း ကော်တင်ဟိုကို မန်ချက်စတာယူနိုက်တက်အသင်းဆီကိုသာ ဘာစီလိုနာက ရောင်းထုတ်ခဲ့မယ်ဆိုရင် ပေါင် (၁၇.၆)သန်း ဆုံးရှုံးရမယ့် အရေးနဲ့ ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။
90 min ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ကနေ ဘာစီလိုနာကို ပေါင် (၁၄၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကော်တင်ဟိုဟာ ဒီရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး ပုံမှန်ကစားခွင့်ရရှိဖို့တောင် မလွယ်ကူတဲ့အနေအထားမှာ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီအတွက် ဘာစီလိုနာက ဘရာဇီးလ် ကစားသမားကို ပြန်လည်ရောင်းချဖို့ စီစဉ်နေပြီး ယူနိုက်တက်နဲ့ သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။
လီဗာပူးလ် နဲ့ ဘာစီလိုနာတို့ကြားမှာ ကော်တင်ဟို အရောင်းအဝယ်အတွက် လုပ်ဆောင်ခဲ့စဉ်က ကစားသမားအနေနဲ့ လာလီဂါမှာ ပွဲပေါင်း (၂၄)ပွဲကစားတိုင်းမှာ ပေါင် (၄.၄)သန်း အပိုဆုကြေးအဖြစ် လီဗာပူးလ်က ရရှိမယ်လို့ သဘောတူညီထားချက် ပါဝင်နေခဲ့ပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာအတွက် (၄၃)ပွဲအထိ ကစားပေးထားခဲ့ပြီးလည်း ဖြစ်ပါတယ်။
ပွဲပေါင်း (၅၀) ပြည့်မြောက်ဖို့ နီးစပ်နေပေမယ့် နောက်ထပ်ပွဲ (၅၀)အတွက်က မသေချာတာကြောင့် လီဗာပူးလ်အနေနဲ့ ပေါင် (၈.၈)သန်းရရှိမယ့် အခွင့်အရေးကို လွဲချော်ဖွယ်ရှိနေတာဖြစ်ပါတယ်။ တကယ်လို့သာ ဒီရာသီလက်ကျန်ပွဲတွေကို ကော်တင်ဟို ဝင်ရောက်ကစားခွင့် မရခဲ့ဘူးဆိုရင် လီဗာပူးလ်ဟာ ပေါင် ၁၃.၂သန်းအထိ နစ်နာမှာလည် းဖြစ်ပါတယ်။
လီဗာပူးလ်အနေနဲ့ ဘာစီလိုနာဆီက ပေါင် ၄.၄သန်း ရရှိထားပြီး ဖြစ်သလို နောက်ထပ်လည်း အခြားခံစားခွင့်အဖြစ် ဘာစီလိုနာအနေနဲ့ ချန်ပီယံလိဂ်ဝင်ရောက်ကစားခွင့်ရရှိခဲ့မ်ယ်ဆိုရင် ပေါင် (၄.၄)သန်း ရရှိဦးမယ်လို့လည်း သိရပါတယ်။ ဘာစီလိုနာက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့မယ်ဆိုရင်လည်း လီဗာပူးလ်ဟာ အဆိုပါပမာဏအတိုင်းလည်း ခံစားခွင့်ရရှိဦးမှာ ဖြစ်ပါတယ်။