ယနေ့ည ၈ နာရီ ၄၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖူလ်ဟမ်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး အမှတ်ပေးဇယားကို ယာယီဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ပထမပိုင်းစတင်ချိန်ကတည်းက လီဗာပူးအသင်းက အိမ်ရှင်ဖူလ်ဟမ်အသင်းကို အသာစီးရယူကစားနိုင်ခဲ့ပြီး ၂၆ မိနစ်မှာ ဖာမီနိုရဲ့ဖန်တီးပေးပို့မှုကနေတဆင့် မာနေးက လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း လီဗာပူးအသင်းကပဲ ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ပြီး ဖူလ်ဟမ်အသင်းဂိုးသမား ဆာဂျီယိုရီကို လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် နောက်ထပ်ဦးဆောင်ဂိုးတွေ ထပ်မံခွင့်မပြုခဲ့ရတာ ဖြစ်ပါတယ်။
၆၄ မိနစ်မှာ ဇန်ဘိုအမ်ဂွီဆာရဲ့ကန်သွင်းမှုကနေ လမ်းကြောင်းပြောင်းခဲ့တာကို အယီတေးခေါင်းတိုက်သွင်းယူခဲ့ပေမယ့် လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရတာကြောင့် ချေပဂိုး ရရှိမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။
၇၄ မိနစ်မှာ ရိုင်ယန်ဘာဘယ်က လီဗာပူးကစားသမားတွေရဲ့ နားလည်မှုလွဲမှားမှုကို အခွင့်ကောင်းယူပြီး ဖူလ်ဟမ်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မိနစ် ၈၀ မှာ မာနေးကို ဖူလ်ဟမ်ဂိုးသမား ရီကို ဆွဲလဲှတယ်ဆိုပြီး ကွင်းလယ်ဒိုင်က လီဗာပူးအသင်းကို ပင်နယ်တီပေးခဲ့ပြီး ဂျိမ်းစ်မီလ်နာက အမှားအယွင်းမရှိ ကန်သွင်းယူပြီး လီဗာပူးအသင်းက ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။