ဆိုးလ်ရှားအနေနဲ့ ခရစ္စမတ်ကာလအတွင်း ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရောက်အောင် မစွမ်းဆောင်နိုင်ပါက ထုတ်ပယ်ခံရမှာဖြစ်တယ်လို့လည်း နီကိုးလ်က ပြောခဲ့တာဖြစ်ပါတယ်။
ESPN မှာ ဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ လီဗာပူးလ်ကစားသမားဟောင်းစတိဗ်နီကိုးလ်က ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ခရစ္စမတ်ကာလအတွင်းမှာ ထုတ်ပယ်ခံရလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ဆိုးလ်ရှားအနေနဲ့ ခရစ္စမတ်ကာလအတွင်း ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရောက်အောင် မစွမ်းဆောင်နိုင်ပါက ထုတ်ပယ်ခံရမှာဖြစ်တယ်လို့လည်း နီကိုးလ်က ပြောခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ကတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ချယ်လ်ဆီးနဲ့ ကစားသွားရမှာပါ။ မော်ရင်ဟိုထုတ်ပယ်ခံရပြီးနောက် အစားထိုးခန့်အပ်ခံခဲ့ရတဲ့ ဆိုးလ်ရှားအတွက်လည်း လာမယ့်ဘောလုံးရာသီက ယူနိုက်တက်နည်းပြဘဝမှာ ပထမဆုံးအကြိမ် ရာသီပြည့် စတင်ကိုင်တွယ်ရမယ့် ဘောလုံးရာသီလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အနေနဲ့ ရာသီသစ်အတွက် ဒန်နီရယ်ဂျိမ်းစ် နဲ့ ပဲလေ့စ်ခံစစ်မှူးအာရွန်ဝမ်ဘစ်စ်ကာတို့ကို ခေါ်ယူထားပြီး နောက်ထပ်ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့လည်း ပြင်ဆင်နေပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်ကို ရာသီဝက်သာ ကိုင်တွယ်ခဲ့ရတဲ့ ဆိုးလ်ရှားက အသင်းကို အဆင့် (၆)နေရာသာ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။
"နည်းပြ (၃)ဦးလောက်က အန္တရာယ်ရှိနေတယ်လို့ ကျွန်တော်ပြောချင်ပါတယ်၊ တစ်ဦးကတော့ ရှက်ဖီးယူနိုက်တက်နည်းပြ ဝိုင်ဒါပါ၊ အခြားတစ်ဦးကတော့ အဲဗာတန်နည်းပြဆေးဗားလ်ဖြစ်ပါတယ်၊ နောက်ဆုံးတစ်ဦးကတော့ ယူနိုက်တက်နည်းပြဆိုးလ်ရှားပါပဲ၊ လက်ရှိမှာ သူက
ယူနိုက်တက်အတွက် ဘာမှမလုပ်ပြရသေးပါဘူး၊ ဒါပေမယ့် သူ အောင်မြင်မယ်လို့ မျှော်လင့်မှုတွေက ရှိနေပါတယ်"
"တကယ်လို့သာ ခရစ္စမတ်ကာလရောက်ခဲ့ပြီး ယူနိုက်တက်က ထိပ်ဆုံး(၄)သင်းနေရာနဲ့ ဝေးကွာနေခဲ့မယ်ဆိုရင်တော့ ဆိုးလ်ရှားအတွက် ဒုက္ခတွေ့ပါလိမ့်မယ်" လို့ နီကိုးလ်ကပြောသွားခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ၂၀၁၃ ခုနှစ်မှာ ဆာအဲလက်စ်ဖာဂူဆန် အနားယူသွားပြီးနောက် အမှတ်ပေးဖလားကို မဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။