ချေပဂိုးကို အလွတ်တည်ကန်ဘောကနေ ရရှိခဲ့တာပါ။
Kyaw Ko Ko Sint

ယနေ့နံနက် ၃ နာရီ ၃၅ မိနစ်အချိန်မှာ နိုင်ငံတကာချန်ပီယံဖလားပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ နှစ်သင်းစလုံးဟာ လူငယ်ကစားသမားတွေနဲ့ အဓိကကစားသမားတွေကို တွဲဖက်ကစားစေခဲ့တာဖြစ်ပြီး လီဗာပူးအသင်းက တစ်ပွဲလုံး ဖိအားပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။



4EA8B57A00000578-0-image-m-50_1532817930260.jpg

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပထမပိုင်းစတင်ချိန်ကတည်းက လီဗာပူးအသင်းဘက်ကို ဖိအားပေးဖို့ ကြိုးပမ်းခဲ့ပေမယ့် လီဗာပူးအသင်းရဲ့ကွင်းလယ်ကို ကျော်ဖြတ်ဖို့ ခက်ခဲခဲ့ပြီး လီဗာပူးအသင်းရဲ့ကစားကွက်အောက်မှာ ရောက်ရှိနေခဲ့ပါတယ်။ ၂၈ မိနစ်မှာ လီဗာပူးအသင်းရဲ့တိုက်စစ်မှူး မိုဟာမက်ဆာလာကို မစ်ရှဲလ် ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က လီဗာပူးအသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပြီး မာနေးက အမှားအယွင်းမရှိကန်သွင်းပြီး လီဗာပူးအသင်းအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။

 

၃၁ မိနစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ဂျိုရယ်ပါရဲရားက လှလှပပတိုက်ရိုက်ကန်သွင်းယူပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးအသင်းက အသင်းရဲ့အဓိကကစားသမားတွေကို ထုတ်ပြီး အသစ်ခေါ်ယူထားတဲ့ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ပွဲထွက်ကစားစေခဲ့ပါတယ်။

နောက်ဆုံးရ နံနက်ခင်းသတင်းများ 

ဒုတိယပိုင်းမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းဟာ ကစားကွက်ပုံဖော်နိုင်ခဲ့ခြင်းမရှိဘဲ လီဗာပူးအသင်းရဲ့တိုက်စစ်ကိုသာ အသည်းအသန်ကာကွယ်ခဲ့ရတာကို တွေ့ရပါတယ်။ ၆၆ မိနစ်မှာ ဒန်နီရယ်စတာရစ်ဂျ်က လီဗာပူးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ၇၃ မိနစ်မှာ ရောဘတ်ဆင်ကို ဟာရဲရားဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် လီဗာပူးအသင်း ပင်နယ်တီရရှိခဲ့ပြီး လူငယ်ကစားသမား အိုဂျိုးက အမှားအယွင်းမရှိကန်သွင်းယူပြီး လီဗာပူးအသင်းအတွက် တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ လူစားလဲလှယ်မှုအများအပြားပြုလုပ်ခဲ့ပေမယ့် ကစားကွက် ပိုမိုကောင်းမွန်လာခဲ့ခြင်းမရှိဘဲ လီဗာပူးအသင်းကသာ ဆက်လက်ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ရာ ၈၂ မိနစ်မှာ လီဗာပူးအသင်းရဲ့လူငယ်ကစားသမား ဝုဒ်ဘန်းရဲ့ဖြတ်တင်ပေးပို့လိုက်တဲ့ဘောလုံးကို စတုတ်စီးတီးအသင်းကနေအသစ်ခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမား ရှှာကွီရီက နောက်ပြန်ကန်ချက်နဲ့ လှလှပပကန်သွင်းပြီး လီဗာပူးအသင်းအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အမေရိကန်နိုင်ငံမှာ လာရောက်ယှဉ်ပြိုင်ကစားနေတဲ့ နိုင်ငံတကာချန်ပီယံဖလားပြိုင်ပွဲ ၃ ပွဲကစားပြီးချိန်မှာ သရေ ၂ ပွဲနဲ့ ရှုံးပွဲ ၁ ပွဲသာ ရရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုအနေနဲ့ ကစားသမား ထပ်မံခေါ်ယူဖို့ လိုအပ်နေသေးကြောင်းကို လီဗာပူးအသင်းက ပြသခဲ့တာလည်းဖြစ်ပါတယ်။


Author


က္က