မြန်မာနိုင်ငံရဲ့ လီဗာပူးလ်အသင်းအားပေးသူများ တရားဝင်အဖွဲ့အစည်းဟာ လီဗာပူးလ်အသင်းက ပေးအပ်ချီးမြှင့်ခဲ့တဲ့ Family Award ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ Official Liverpool Supporters Club (Myanmar Reds) အနေနဲ့ ကမ္ဘာတဝှမ်းမှ အခြား လီဗာပူးလ်အသင်းရဲ့ တရားဝင် အဖွဲ့အစည်းတွေအနက်မှ ရွေးချယ်ပေးအပ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ LFC Fouundations ကို တရားဝင်ဖွဲ့စည်းထားပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို ကမ္ဘာအနှံ့မှာ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အဆိုပါ ဖောင်ဒေးရှင်းက လီဗာပူးလ်အသင်းရဲ့ တရားဝင် ပရိသတ်အဖွဲ့အစည်းတွေကို ရံပုံငွေ (Fund Raising) ပြိုင်ပွဲ ပြုလုပ်ပေးလေ့ရှိပြီး ပြိုင်ပွဲအတွက် ရံပုံငွေရှာတဲ့အခါ အဖွဲ့အလိုက် ပမာဏ အများဆုံးအဖွဲ့၊ ဆန်းသစ်တီထွင်ပြီး တမူထူးခြားစွာ ကျင်းပနိုင်တဲ့အဖွဲ့နဲ့ မိသားစုတွေပါ အတူဆင်နွှဲလို့ရတဲ့ အဖွဲ့တွေကို ရွေးချယ်ပြီး ဆုတွေပေးအပ်ခဲ့တယ်လို့ OLSC (Myanmar Reds) ရဲ့ အတွင်းရေးမှူး Ashley Aung က Duwun Sports ကို ပြောပြခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လီဗာပူးလ်အသင်းအားပေးသူများတရားဝင်အဖွဲ့အစည်းကတော့ မိသားစုတွေပါ အတူတကွ ပါဝင်ဆင်နွှဲလို့ရတဲ့ဆုကို ပေးအပ်ခံခဲ့ရတာဖြစ်ပြီး ဒီဆုကို ဘာကြောင့်ရရှိခဲ့တယ်ဆိုတာကို အဖွဲ့အတွင်းရေးမှူး Ashley Aung က အခုလိုပြောပြပါတယ်။
"အဖွဲ့က ဖူဆယ်ပြိုင်ပွဲတစ်ခုကို (၂)ရက်ကြာကျင်းပခဲ့ပြီး ကစားသမား (၁၀၀)ကျော်ပါဝင်ခဲ့တာပါ၊ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ လီဗာပူးလ်အသင်းအားပေးသူပရိသတ်တွေပါ လာရောက်ကြည့်ရှုခဲ့ကြပါတယ်၊ ဒီပြိုင်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကောက်ခံခဲ့ပြီး ပရိသတ်တွေရဲ့ စေတနာအလျောက် လှူဒါန်းခဲ့လို့ ရရှိခဲ့တဲ့ငွေကြေးတွေကို LFC Foundations ကို လှူဒါန်းခဲ့ကြတာပါ" လို့ ပြောပြခဲ့ပါတယ်။
"အဖွဲ့အနေနဲ့ကတော့ နှစ်ပတ်လည်နေ့တိုင်းမှာ ခရစ်ယာန်သီလရှင်လေးများဘိုးဘွားရိပ်သာ၊ မွတ်ဆလင်ဆေးရုံ နဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို အလှူဒါနတွေပြုလုပ်လေ့ရှိပါတယ်၊ ပြီးတော့ (၄)လတစ်ကြိမ် သွေးလှူပွဲလုပ်တာ၊ အသင်းပွဲစဉ်တွေကို တစ်ပတ်တစ်ခါ၊ ဒါမှမဟုတ် နှစ်ပတ်တစ်ခါလောက် စုကြည့်တာတွေလည်း ရှိပါတယ်၊ ဒီလှုပ်ရှားမှုတွေကြောင့် အခုလိုအသိအမှတ်ပြုခံရတယ်လို့ မြင်ပါတယ်" လို့ Ashley Aung က ထပ်မံပြောဆိုခဲ့ပါတယ်။
Myanmar Reds အဖွဲ့အနေနဲ့ အသင်းမန်နေဂျာလက်မှတ်ပါလက်ဆောင်ပစ္စည်း နဲ့ လီဗာပူးလ်အသင်းပွဲစဉ်အတွက် လက်မှတ် (၂)စောင်ကို ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်အတွင်း ကစားမယ့် အသင်းပွဲစဉ်ကို ကိုယ်ပိုင်အစီအစဉ်နဲ့ သွားရောက်ကြည့်ရှုခွင့် ရရှိမယ်လို့လည်း သိရပါတယ်။ ရန်ပုံငွေအများဆုံးရှာဖွေနိုင်ခဲ့တဲ့ အဖွဲ့အဖြစ် ဆိုက်ပရပ်စ်နိုင်ငံ၊ ဆန်းသစ်တီထွင်မှု အကောင်းဆုံးဆုကို မော်လ်တာနိုင်ငံတို့က ရရှိခဲ့တယ်လို့ Myanmar Reds ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။